
အင်းလျားမှာဗုံးထောင်တာ စစ်တပ်က ကင်းပုန်းနဲ့မိလို့ ကိုယ်ထောင်တဲ့ ဗုံးကို ပြန်ဖြုတ်ခိုင်းရာမှာ ဗုံးကွဲပြီး သေဆုံးတဲ့ PDF ဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူတွေ အတော်များများ ဖြန့်ဝေလျှက်ရှိပါတယ်။
တကယ်တော့ ဓာတ်ပုံဟာ စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြဗီနိုင်းချိတ်ဆွဲမှုကြောင့် စစ်တပ်ကပစ်ခတ်လိုက်တဲ့ ကျည်ဆံထိမှန်ခဲ့တဲ့ ဗကသကျောင်းသားတစ်ဦးဖြစ်တယ်လို့ မီဒီယာတွေမှာဖော်ပြပါတယ်။
“အင်းလျားမှာ ဗုံးထောင်နေတဲ့PDFအကြမ်းဖက်ကောင် ရွှေဘ ကင်းပုန်းနဲ့မိ ကိုယ်ထောင်တဲ့ဗုံးကို ပြန်ဖြုတ်ခိုင်းတော့ ကွဲပြီးေT နားအေး မှိုင်းဝေ”စသည်ဖြင့်ရေးသားပြီး “Yadanar Maung” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ဓာတ်ပုံနှင့်အတူ ရေးသားမျှဝေထားတာတွေ့ရပါတယ်။ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က ဆန္ဒပြလူငယ်တစ်ဦး စစ်တပ်က ပစ်ခတ်ခံရပြီး လမ်းမထက်မှာ လဲကျနေပုံအဖြစ် မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့တဲ့ ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။
Khit Thit Media က “အင်းလျားကန်ဘောင်တွင် စစ်တပ်က ပစ်ခတ်လိုက်သော ဗကသကျောင်းသား
ကိုကျော်ဉာဏ ကျဆုံးခြင်းမရှိသေးဘဲ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်နေရ”လို့ရေးသားထားတဲ့ သတင်းမှာ ဒီဓာတ်ပုံကို အသုံးပြုထားတာတွေ့ရပါတယ်။ ဒီဓာတ်ပုံရဲ့ ပုံစာအဖြစ် “ယမန်နေ့ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာ အပြင်းအထန်ရရှိနေသော ဗကသကျောင်းသား ကိုကျော်ဉာဏ”လို့ ရေးသားထားပါတယ်။
ဖြစ်စဉ်ဟာ ပြည်လမ်း၊ အင်းယားကန်ဘောင် တံတားနီမှာ ❝ဆံချည်တမျှင်တောင် နောက်မဆုတ်နဲ့ ဆက်တိုက်❞ စာသားပါဘန်နာအား ချိတ်ဆွဲ၍ ဗကသခွပ်ဒေါင်းအလံတော်အား လွှင့်ထူကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် ပြုလုပ်စဉ် စစ်တပ်က ပစ်ခတ်ခဲ့တာကြောင့် ရန်ကုန်နိုင်ငံတကာပညာသင်ကျောင်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အတွင်းရေးမှူးတာဝန်ထမ်းဆောင်နေသူ ဗကသရဲဘော် ကိုကျော်ဉာဏ (ခ) ကိုဘုန်းမြတ်လင်း ပြင်းထန်ဒဏ်ရ၊ ဖမ်းဆီးခံရမှုဖြစ်ပါတယ်။

မူရင်းလင်ခ့် – Khit Thit Media | Archive link
စစ်အာဏာရှင်ဆန့်ကျင်ရေး ဗီနိုင်းချိတ်ဆွဲသူ လူငယ် ပစ်ခတ်ခံရတဲ့အကြောင်းကို အခြားသော သတင်းဌာန တစ်ခုဖြစ်တဲ့ DVB TV News မှာလည်း သတင်းဖော်ပြခဲ့တာတွေ့ရပါတယ်။
မူရင်းလင်ခ့် – DVB TVnews | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ PDF တစ်ယောက် ဗုံးထောင်ထားတာကို စစ်တပ်ကမိလို့ ပြန်ဖြုတ်ခိုင်းရာ ကနေ ဗုံးပေါက်ကွဲသေဆုံးတဲ့ဆိုတဲ့ အချက်အလက်ဟာ အထောက်အထားမရှိပါဘူး။

Title:Fact Check: စစ်တပ်ဆန့်ကျင်ရေးဗီနိုင်းချိတ်လို့ အပစ်ခံရတဲ့ လူငယ်တစ်ဦးပုံကို အင်းလျားမှာပြန်ဖြုတ်စဉ်ဗုံးပေါက်ကွဲသေတဲ့PDF လို့ သတင်းမှားဖြန့်ဝေ
Fact Check By: Nayar MaungResult: False