မြောက်ပိုင်းမဟာမိတ်အင်အားစုတွေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ထိုးစစ်ကြေညာတဲ့ သတင်းတု ဗွီဒီယို ပို့စ်တစ်ခု အွန်လိုင်းမှာ ဖြန့်ဝေလျှက်ရှိတာဟာ သတင်းတုသာဖြစ်တယ်။ ကချင်၊ကရင်က စစ်ရေးသတင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံမှုသတင်းတွေကို ခေါင်းစဉ်တုတပ်မျှဝေနေ ခြင်းဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ဗမာ့ရုပ်မြင်သံကြားသတင်းဌာန၏ဇူလိုင်လ ၁၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီအထုးသတင်း” လို့ရေးမျှဝေထားတဲ့ ဒီဗွီယိုထဲမှာ “Breaking News မြောက်ပိုင်း D-day ကြေညာပြီ KIA UWSA MNDAA TNLA AA KNDF CNF မအလ သေဖို့ပြင်ထားတော့ ပွဲစပြီ”စသည်ဖြင့်လည်း ရေးသားထားပါတယ်။ အလားတူ ရေးသားမျှဝေမှုကို ဒီနေရာမှာ လည်း ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်ဝေ နေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ယူကျူ့ချန်နယ်ဟာလည်း သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတွေ တပ်ပြီးပြန်လည် ဖြန့်ချိနေတဲ့ အကောင့် တွေဖြစ်တယ်။

၈ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုပါအကြောင်းအရာဟာ KIA ဌာနချုပ် လိုင်ဇာအနီးမှာ စစ်ရေးပြင်းထန်နေလို့ စစ်ရေးသတိရှိဖို့ လိုင်ဇာလူထုကို KIA သတိပေးရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ “ကော့ကရိတ်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ရေစကြိုတွင် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်”၊ General Strike Coordination Body - GSCB က ထုတ်ပြန်ခဲ့တဲ့ “ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး အမှာစကားပြန်လည် ပြောကြားသည်ဟု သတင်းများထွက်ပေါ်ခြင်း အပေါ် သဘောထား”စတဲ့အကြောင်းအရာတွေသာပါဝင်ပါတယ်။

ဗွီဒီယိုတခုလုံးမှာ ခေါင်းစဉ်မှာ တပ်ထားသလို တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့က စစ်ကောင်စီအပေါ် ထိုးစစ်ကြေညာမှုအကြောင်း တစ်စုံတရာမပါဝင်ပါဘူး။

သုံးသပ်ချက်

လူမှုကွန်ယက်အသုံးပြုသူတွေ စိတ်ဝင်စားမှုမြင့်တက်စေမယ့် သတင်း‌ခေါင်းစဉ်တုတပ်ပြီး သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ ကချင်နဲ့ ကရင်က စစ်ရေးသတင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံမှု အပေါ် သပိတ်ကော်မတီတစ်ခုက ထုတ်ပြန်ချက် သတင်းတွေကို ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။ KIA၊ UWSA၊ MNDAA၊ TNLA၊ AA၊ KNDF၊ CNF စတဲ့ အဖွဲ့ ၇ ဖွဲ့ ပူးပေါင်းပြီး ထိုးစစ်ကြေညာတယ်ဆိုတာ မဟုတ်ပါဘူး။

ပြောဆိုချက်- “ဝ”တပ်ဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ စစ်ကောင်စီကို ထိုးစစ်ကြေညာ

Avatar

Title:Fact Check: “ဝ”တပ်ဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ထိုးစစ်ကြေညာတဲ့ သတင်းတု

Written By: နေရာမောင်

Result: False