Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ပြန်လည်လွတ်မြောက်မှုနဲ့ အာဏာပြန်လွှဲတဲ့ သတင်းတု

နိုင်ငံ‌‌ရေး

ပူပြင်းတဲ့ရာသီဥတုကို ရှောင်ရှားပေးတဲ့အကြောင်းပြချက်နဲ့ ဒေါ်‌အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့ကို သက်ဆိုင်ရာ ထောင်အသီးအသီးကနေ စစ်ကောင်စီက နေရာပြောင်းရွှေ့ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် လာပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ပြန်လွှတ်ပေးလိုက်ပြီ၊ စစ်ခေါင်းဆောင်က အာဏာပြန်လွှဲပေးလိုက်ပြီစသည့်ဖြင့်  နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းမှား ဗွီဒီယိုတွေ ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ပျံ့နှံ့လာခဲ့ပါတယ်။ 

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ 

“မအလ ကိုဖြုတ်ချပြီး သမ္မတဦးဝင်းမြင့်ကို ရာထူးပြန်ပေးဖို့ ၁၀၀% အတည်ပြုပြီ”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Fb link | Archive link

ဒီအပြင် အလားတူတဲ့ ဖြန့်ဝေမှုတွေကို ယူကျူ့ရဲ့ ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ ရပါတယ်။

အချက်အလက်စိစစ်ချက်

နေပြည်တော်အချုပ်ထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို ဧပြီ ၁၇ ရက် လွတ်ငြိမ်းချမ်းသာထဲမှာ စစ်ကောင်စီက ပြစ်ဒဏ်လျှော့မှုမရှိသလို နေရာရွှေ့ပြောင်းမှုဆိုတာကလည်း ယာယီသာ ဖြစ်ကြောင်း ဘီဘီစီ မြန်မာပိုင်းက ဖော်ပြပါတယ်။ အခြားသော သတင်းမီဒီယာတွေမှာလည်း ဒီလို သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတယ်ဆိုတဲ့ ဖော်ပြချက်မတွေ့ရပါဘူး။ 

အခုလို ထောင်မဟုတ်တဲ့ နေရာကိုရွှေ့ပြောင်းလိုက်တာဟာ ထောင်ထဲမှာ ထက်စာရင် ပိုမိုကောင်းမွန်တဲ့ နေရာတခုကို ရွှေ့ပြောင်းလိုက်တယ်လို့ နားလည်တာကြောင့် ဝမ်းသာရပေမဲ့  စစ်ကောင်စီအနေနဲ့ လူသားဒိုင်း အဖြစ် အသုံးပြုမှာကို စိုးရိမ်မိကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်စ်က ပြောပါတယ်။ ဘယ်နေရာကို ရွှေ့ပြောင်းလိုက်ဆိုတာကို စစ်ကောင်စီက သတင်းမထုတ်ပြန်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို အဓိက စစ်စခန်းတွေမှာ မဟာဗျူဟာကျကျ နေရာချထားမယ့်အန္တရာယ် ရှိနေတယ်လို့ ဧပြီ ၁၇ ရက်စွဲနဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းမှာဖော်ပြပါတယ်။ တော်လှန်ရေး အင်အားစုတွေဟာ လက်ရှိအချိန်မှာ နေပြည်တော်အထိ တိုက်ခိုက်လာတာကို စစ်ကောင်စီခံနေရပါတယ်။

အခုလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ယူကျူ့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ထင်ယောင်ထင်မှားဖြစ်ဖွယ် သတင်းခေါင်းစဉ် သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်တုတွေတပ်ပြီး ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ ဒီယူကျူ့ချန်နယ်တွေနဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ အထောက်အထားမရှိပါဘူး။ စစ်ကောင်စီက အာဏာပြန်လွှဲပေးလိုက်ပြီ၊ စစ်ခေါင်းဆောင်အနားယူပြီဆိုတဲ့ သတင်းတွေဟာလည်း နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ယူကျူ့ချန်နယ်တွေရဲ့ သတင်းတုဖြန့်ချိမှုသာဖြစ်တယ်။

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ပြန်လည်လွတ်မြောက်မှုနဲ့ အာဏာပြန်လွှဲတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *