Fact Check: NUG ကို နိုင်ငံ ၄၀ ‌ကျော်က အစိုးရအဖြစ်အသိအမှတ်ပြုပြီး စစ်တပ်ကို အကြမ်းဖက်အဖြစ်ကြေညာတဲ့ သတင်းမှား

False နိုင်ငံ‌ရေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို နိုင်ငံပေါင်း ၄၀ ‌ကျော်က အစိုးရအဖြစ်အသိအမှတ်ပြုပြီး စစ်တပ်ကို အကြမ်းဖက်အဖြစ်ကြေညာတဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်းပါတယ်။

“1 ရက်နေ့ ဒီဇင်ဘာလ (မအလ ပေါက်ကွဲနေ) နိုင်ငံ ၄၀ ကျော် NUG ကို အစိုးရဟု သတ်မှတ် စစ်တပ်ကို အရက်စက်ဆုံး အကြမ်းက်ဟု စတင်ကြေညာ”

မူရင်းလင်ခ့် – Yotube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုလို ဗွီဒီယိုကို ဖြန့်ချိနေတဲ့ ယူကျူ့နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့က သတင်းတွေကို သတင်းခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်လွဲတွေတပ်ပြီး ပြန်လည် ဖြန့်ချိ‌လေ့ရှိတာတွေ့ရပါတယ်။

တကယ်တမ်း ဗွီဒီယိုထဲမှာပါတာက ဧရာဝတီတိုင်မ်းသတင်းဌာနက နိုဝင်ဘာ ၃၀ ရက်မှာဖော်ပြခဲ့တဲ့ “အင်အားချိနဲ့လာပြီး အဘက်ဘက်က ရှုံးနိမ့်နေတဲ့ အာဏာသိမ်းစစ်ကောင်စီ ပြိုလဲတော့မှာလား”ဆိုတဲ့ ဘာသာပြန် အတွေးအမြင်ဆောင်းပါးတပုဒ်ကို ပြန်လည်ဖတ်ကြားနေခြင်း သာဖြစ်တယ်။ နိုဝင်ဘာလ ၂၉ ရက်က The Washington Post သတင်းစာမှာ ဖော်ပြခဲ့တဲ့ Myanmar’s junta is losing. The U.S. should prepare for its collapse ဆိုတဲ့ အယ်ဒီတာ့အာဘော်ကို ဧရာဝတီတိုင်မ်းသတင်းဌာနက ဘာသာပြန်ထားတာဖြစ်ပါတယ်။ မြေပြင်စစ်ပွဲတွေမှာ အဘက်ဘက်က ရှုံးနိမ့်လာနေပြီး ရွာတွေနဲ့ အပြစ်မဲ့အရပ်သားတွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခတ်တာတွေလုပ်နေတဲ့ အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတကာရာဇဝတ်ခုံရုံးကို ပို့ဆောင်ဖို့လိုပြီး စစ်တပ်ပြိုကျပြီးချိန်အတွက် ကမ္ဘာအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့လိုကြောင်း၊ နိုင်ငံရဲ့ တရားဝင် ဒီမိုကရေစီ အင်အားစုဖြစ်တဲ့ NUG အစိုးရနဲ့ စကားပြောဖို့လိုနေတဲ့အကြောင်း၊ အခြားနိုင်ငံအရေး မစွက်ဘက်ရေးမူကိုင်ဆွဲ ထားတဲ့ အာဆီယံကိုပဲ အားကိုလို့ မရဘူးဆိုတာ တွေ့မြင်ခဲ့ရတာမို့  စစ်ပွဲတွေကြောင့် လူသားချင်းစာနာထောက် ထားမှုအကူအညီတွေ လိုအပ်နေတဲ့အကြောင်း၊ အာဏာသိမ်းစစ်တပ်အားနည်းလာချိန်မှာ နိုင်ငံက အစိတ်စိတ် အမွှာမွှာဖြစ်နေပြီး ဒီအခွင့်အရေးကို တရုတ်က သူ့ရဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသတွေမှာ အခွင့်ကောင်း ယူဖွယ်ရှိကြောင်းနဲ့ ဒီလိုအစိတ်စိတ်အမွှာမွှာမဖြစ်ရအောင် အမေရိကန်အနေနဲ့ NUG ကို ပိုမိုအားပေးဖို့ ကြောင်း စသည်ဖြင့် ရေးသားထားပါတယ်။ အပြည့်အစုံကို ဒီလင့်ခ်မှာဖတ်ပါ။

သုံးသပ်ချက်

ဧရာဝတီတိုင်မ်းသတင်းဌာနက နိုဝင်ဘာ ၃၀ ရက်မှာဖော်ပြခဲ့တဲ့ စစ်တပ်ပြိုလဲချိန်အလွန်ကို အမေရိကန်အနေနဲ့ စဉ်းစားသင့်ပြီဆိုတဲ့ ဘာသာပြန်ဆောင်းပါးကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည် ဖြန့်ချိ ထားခြင်းဖြစ်တယ်။ NUG ကို နိုင်ငံ ၄၀ ‌ကျော်က အစိုးရအဖြစ်အသိအမှတ်ပြုပြီး စစ်တပ်ကို အကြမ်းဖက်အဖြစ် ကြေညာတယ်ဆိုတာမဟုတ်ပါဘူး။

ပြောဆိုချက်- NUG ကို နိုင်ငံ ၄၀ ‌ကျော်က အစိုးရအဖြစ်အသိအမှတ်ပြုပြီး စစ်တပ် ကို အကြမ်းဖက်အဖြစ် သတ်မှတ်ကြေညာ

Avatar

Title:Fact Check: NUG ကို နိုင်ငံ ၄၀ ‌ကျော်က အစိုးရအဖြစ်အသိအမှတ်ပြုပြီး စစ်တပ်ကို အကြမ်းဖက်အဖြစ်ကြေညာတဲ့ သတင်းမှား

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *