Fact Check: ချင်းရွှေဟော်မြို့ကို မြန်မာစစ်တပ် ပြန်လည်ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းမှား

False နိုင်ငံရေး | Politics

မြန်မာ-တရုတ်နယ်စပ်မြို့ ချင်းရွှေဟော်ကို မြန်မာစစ်တပ်က ပြန်လည်ချုပ်လိုက်ပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းသာဖြစ်တယ်။ ချင်းရွှေဟော်ကို မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ကဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တယ်။

အောက်ပါစာသားနဲ့စခရင်ရှော့ကတော့ ပျံ့နှံ့နေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

“၁၁-၁၁-၂၀၂၃ ရက်နေ့

ချင်းရွှေဟော်တပ်မတော်မှပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်

ဖောင်းဆိပ်၊ဟိုပန်၊ပန်လုံ

အကြီးတွေနဲ့ဝေဟင်မြေပြင်

ပ.စ် ခ.တ် ပေးနေဆဲ”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ချင်းရွှေဟော်ကို  MNDAA က ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်မှာပဲတိုက်ခိုက်သိမ်းယူလိုက်ပြီး လက်ရှိအချိန်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်မြို့၊ မုံးကိုးမြို့၊ ဖောင်းဆိုင်မြို့၊ ကြူကုတ်(ပန်ဆိုင်း)မြို့၊ ကွမ်းလုံမြို့ တို့ကို MNDAA နဲ့မဟာမိတ်တပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

ထို့အပြင် မြန်မာစစ်တပ်က ချင်းရွှေဟော်ကို ပြန်လည်သိမ်းပိုက်လိုက်တယ်ဆိုထားတဲ့ပို့စ်မှာအသုံးပြုထားတဲ့ ဓာတ်ပုံတွေဟာလည်း ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အကြောင်းအရာအသီးသီးနဲ့ ပျံ့နှံ့ခဲ့တဲ့ ချင်းရွှေဟော်က ဓာတ်ပုံတွေဖြစ်တယ်။ ဘီဘီစီရဲ့ ဒီလင့်ခ်မှာကြည့်ပါ။ ၂၀၁၈ ခုနှစ် ဇန်နဝါရီ၁ ရက်ကရေးသားခဲ့တဲ့ “ချင်းရွှေ ဟော်မှာ နိုင်ငံတကာ ကုန်းလမ်းဝင်ပေါက် ထားရှိဖို့ ရည်ရွယ်”ဆိုတဲ့ သတင်းမှာ ဒီဓာတ်ပုံကို သုံးစွဲထားတာ တွေ့ရဖြစ်တယ်။

နောက်ထပ်ဓာတ်ပုံကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုဒ် MOI မှာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာကတည်းက အသုံးပြုထားတာတွေ့ရပါတယ်။ COVID-19 ကာလမှာ တရုတ်နိုင်ငံဘက်က ပြန်လည်ဝင်ရောက်လာတဲ့ နေရပ် ပြန်လာသူတွေကို စနစ်တကျပြန်လည်လက်ခံနေပုံကို ဖော်ပြတဲ့ သတင်းမှာအသုံးပြုထားတာဖြစ်ပါတယ်။ 

ယခုဖေ့စ်ဘွတ်ပို့စ်ပါဓာတ်ပုံမှာ ဒီဂျစ်တယ်နည်းလမ်းအသုံးပြုပြီး ဘယ်ညာပြောင်းပြန်လှန်ထားတာတွေ့ရပြီး မူလထက်ပုံ(ညာ)နဲ့ ပြောင်းပြန်လှန်ထားတဲ့ ဓာတ်ပုံ(ဘယ်)ကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

မြန်မာ-တရုတ်နယ်စပ်မြို့ ချင်းရွှေဟော်ကို မြန်မာစစ်တပ်က ပြန်လည်ချုပ်လိုက်ပြီဆိုတာမဟုတ်ပါဘူး။ လက်ရှိအချိန်အထိ ချင်းရွှေဟော်ကို MNDAA ကဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တယ်။

ပြောဆိုချက်- မြန်မာ-တရုတ်နယ်စပ်မြို့ ချင်းရွှေဟော်ကို မြန်မာစစ်တပ်က ပြန်လည်ချုပ်လိုက်ပြီ

Avatar

Title:Fact Check: ချင်းရွှေဟော်မြို့ကို မြန်မာစစ်တပ် ပြန်လည်ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းမှား

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *