မကွေးတိုင်းမှာရှိတဲ့ အကြီးဆုံး ကာကွယ်ရေးပစ္စည်းစက်ရုံကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်၊ မကွေးလေတပ်စခန်းကို တိုက်ခိုက်မှု လေယာဉ်မှူးနဲ့ စစ်သား ၂၅၀ ကျော်သေဆုံးခဲ့တယ် စတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက မျှဝေထားတာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။
အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။
“မကွေးရှိ ကပစ အကြီးဆုံး အေအေ သိမ်း
စစ်ကောင်စီတပ်(၁၆၃)ဦး အရှင်ဖမ်းမိ
မကွေးရှိ အကြီးဆုံး ကပစ အေအေ ဝင်စီး အပြီးသိမ်း၊
စစ်ကောင်စီတပ်(၁၆၃)ဦး အရှင်ဖမ်း”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”ယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က မကြာခဏ အချက်အလက်စိစစ် ဖော်ပြခဲ့ပြီးဖြစ်တာ ဒီလင့်ခ်မှာကြည့်ပါ။ ဒီချန်နယ်ဟာ လုပ်ကြံရေးသားပြော ဆိုမှုတွေနဲ့ သတင်းမီဒီယာ တွေမှာဖော်ပြပြီး သတင်းတွေကို ရောနှော ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။
မကွေးတိုင်းမှာရှိတဲ့ အကြီးဆုံး ကာကွယ်ရေးပစ္စည်းစက်ရုံကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်တယ် ဆိုတာဖြစ်စေ၊ မကွေးလေတပ် ဗုံးကြဲခံရပြီး လေယာဉ်မှူးနဲ့ စစ်သား ၂၅၀ ကျော်သေဆုံးတယ်ဆိုတာဖြစ်စေ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ၊ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ ဖော်ပြချက် မတွေ့ရပါဘူး။
ဒီလိုပဲ ပြီးခဲ့တဲ့လအနည်းမှာ ဒီချန်နယ်ကပဲ နေပြည်တော်အနီးက ကာကွယ်ရေးပစ္စည်းစက်ရုံ AA တိုက်ခိုက် သိမ်းပိုက်ဆိုတဲ့ သတင်းတုဖြန့်ဝေခဲ့ပါသေးတယ်။
တကယ်တမ်းမှာ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်နဲ့ မကွေးတိုင်းက ကပစ စက်ရုံတချို့ကို AA နဲ့ PDF တပ်တွေက တိုက်ပွဲတွေဖော်ဆောင်ပြီး သိမ်းပိုက်ဖို့ ခြိမ်းခြောက်ထားနိုင်တာတွေ့ရပေမဲ့ ကပစတခုခုကို အပြီးတိုင် သိမ်းပိုက်လိုက်ပြီဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။
ဒီလိုပဲ မကွေးလေတပ်စခန်းကို ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းက တိုက်ခိုက်ခံရတာရှိပေမဲ့ ဒီရက်ပိုင်းအတွင်း တိုက်ခိုက်မှုမရှိတာတွေ့ရပါတယ်။
သုံးသပ်ချက်
“Khit Thit Thadin”ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြော ဆိုမှုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ မကွေးတိုင်းမှာရှိတဲ့ အကြီးဆုံး ကာကွယ်ရေးပစ္စည်းစက်ရုံကိုAA က တိုက်ခိုက်သိမ်းပိုက်လိုက်တယ် ဆိုတာဖြစ်စေ မကွေးလေတပ်စခန်းကို တိုက်ခိုက်မှု လေယာဉ်မှူးနဲ့ စစ်သား ၂၅၀ သေဆုံးမှုဆိုတာဖြစ်စေ အထောက်အထား မရှိဘဲ လုပ်ကြံရေးသား ပြောဆိုနေခြင်းဖြစ်တယ်။

