Fact Check: ပြင်ဦးလွင်မှာ စစ်အင်အားတသိန်းကျော်စုပြီး ရှမ်းမြောက်ကို ၄၈ နာရီ အတွင်း စစ်တပ်က ပြန်သိမ်းမယ်ဆိုတဲ့ သတင်းခေါင်းစဉ်တု

Misleading နိုင်ငံရေး | Politics

တရုတ်ရဲ့ကြားဝင်မှုနဲ့ အပစ်ရပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကို ၄၈ နာရီအတွင်းပြန်လည်သိမ်းပိုက်နိုင်ဖို့ ပြင်ဦးလွင်မှာ စစ်သည်အင်အားတသိန်းကျော်စုထားတယ်လို့ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုသာဖြစ်တယ်။ 

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၇ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း တသိန်းသုံးသောင်းကျော်ရရှိထားပါတယ်။

“ရှမ်းမြောက်အထူးသတိဟေ့ ပြင်ဦးလွင်မှာ စစ်တပ်(၁)သိန်းကျော်လူစုကုန်ပြီဗျို့ ရှမ်းမြောက်ကို ၄၈ နာရီအတွင်းပြန်သိမ်းပိုက်မည်”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဒီလိုရေးသားဖြန့်ဝေထားတဲ့ Khit Thit Television အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်း လုပ်ငန်းမှာ နာမည်ကြီးတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနကို အမည်နာမကို တုပထားတဲ့ ချန်နယ်တခုဖြစ်ပါ တယ်။ ဒီယူကျူ့ချန်နယ်ဟာ ကိုယ်ပိုင်သတင်းဖော်ပြချက်မရှိဘဲ သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မီဒီယာ အချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံ ရေးသားထားတဲ့ သတင်း‌ခေါင်းစဉ်တုတွေ ဖြန့်ချိတတ်တာတာတွေ့ရပါတယ်။ ဒီယူကျူ့ချန်နယ်အကြောင်း Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။ 

 အခုလည်း  ဗွီဒီယိုပါ အကြောင်း အရာဟာ The Nation Voice အမည်နဲ့ မီဒီယာတခုကဖော်ပြခဲ့တဲ့“ပြင်ဦးလွင်မှာ အင်အားပြနေတဲ့ အာဏာသိမ်းစစ်တပ်မှာဒေသအသီးသီးက ဘတ်တံဆိပ်တွေပါဝင်နေ”ဆိုတဲ့ သတင်းကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ ဒီသတင်းတပုဒ်လုံးမှာ ရှမ်းပြည်နယ်မြောက်ပိုင်းကို ပြန်လည်ထိုး စစ်ဆင်ဖို့အတွက် လူစုနေတယ်ဆိုတဲ့ သဘောရေးသားချက်မပါဝင်ဘဲ အင်အားပြတဲ့အထဲမှာ စစ်မတိုက်ချင်လို့ သင်တန်းတက်နေတဲ့သူတွေနဲ့ သေနတ်မကိုင်နိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေအထိ ပါဝင်တယ်လို့ ရေးသားထားပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။

နောက်ထပ် ဗွီဒီယိုထဲမှာပါတာတွေကတော့ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ဘီးလင်းမြို့နယ်၊ ဝင်းတာပန်စခန်းအတွင်း စစ်တပ်က ရဟတ်ယာဉ်ဖြင့် ချပေးသည့် ခဲယမ်းရိက္ခာထုပ် ၅ ထုပ် ကို KNLA ရဲဘော်များ သိမ်းပိုက်ရရှိ”၊ “ရေးမြို့နယ် အခြေစိုက် ခလရ ၁၀၆ တပ်ရင်း တိုက်ခိုက်မှု စစ်သား ၄ ဦးသေ ဆုံးပြီး  မော့ကနင် စစ်တပ်စစ်ဆေးရေးဂိတ်ကို မီးရှို့”၊ ဧရာဝတီတိုင်းမ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ညောင်တုန်းမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ရဲနှင့်စစ်သားများက ပိုက်ဆံကောက်ကာ လောင်းကစားဝိုင်းများဖွင့်လှစ်” စတဲ့သတင်းတွေကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ 

သုံးသပ်ချက်

The Nation Voice အမည်နဲ့ မီဒီယာကဖော်ပြခဲ့တဲ့ ပြင်ဦးလွင်မှာ အင်အားပြနေတဲ့ အာဏာသိမ်းစစ်တပ်မှာ သက်ကြီးရွယ်အိုတွေပါဝင်နေတဲ့ သတင်းကို လိုအပ်သလို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းကို ၄၈ နာရီအတွင်းပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီက တပ်သား တ သိန်း ပြင်ဦးလွင်မှာ စုထားတယ်ဆိုတာမဟုတ်ပါဘူး။

ပြောဆိုချက်- ရှမ်းမြောက်ပိုင်းကို ၄၈ နာရီအတွင်း ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီက တပ်သား တ သိန်း ပြင်ဦးလွင်မှာ စုထား

Avatar

Title:Fact Check: ပြင်ဦးလွင်မှာ စစ်အင်အားတသိန်းကျော်စုပြီး ရှမ်းမြောက်ကို ၄၈ နာရီ အတွင်း စစ်တပ်က ပြန်သိမ်းမယ်ဆိုတဲ့ သတင်းခေါင်းစဉ်တု

Written By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *