
သံဃာတွေပါ စစ်မှုထမ်းရမယ်လို့ စစ်ခေါင်းဆောင်က အမိန့်ထုတ်လိုက်တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သတင်းတု သတင်းမှားဖြန့်ချိနေခြင်းသာ ဖြစ်တယ်။
အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။
“Breaking News သံဃာ(၅)သိန်းထိုးကျွေးပြီးဟေ့
စစ်ရှုံးနေတဲ့သမ္မတရူးမအလကြင်စိုး သီတဂူနဲ့လက်ဝါးချင်းရိုက်ပြီ
သံဃာတွေပါစစ်မှုထမ်းရမည် မအလ အမိန့်ထုတ်ပြီဟေ့”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို ပြန်လည်ကူးယူဖော်ပြပြီး အခုလိုပဲ ထင်ယောင် ထင်မှားဖြစ်ဖွယ်သတင်းခေါင်းစဉ်တု တွေတပ်ဖြန့်ချိလေ့ရှိတာလည်းတွေ့ရတယ်။ “Khit Thit Televison”အမည်နဲ့ ယူကျူ့ချန်နယ်ရဲ့ သတင်းတုဖြန့်ဝေမှုတွေအကြောင်း အချက်အလက်စိစစ်ချက်တွေကို Fact Crescendo Myanmar ရဲ့ ဒီလင့်ခ်မှာကြည့်ပါ။
အခု ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ “နိုင်ငံတစ်ဝန်းရှိ တပ်ရင်းတပ်ဖွဲ့များတွင် ဆယ်တော်မူဘုရားပုံတော်ကို ကပ်ပြီး ဆယ်တော်မူဘုရားဂါထာ၊ ပရိတ်တော်နှင့် ဂုဏ်တော်ကို ရွတ်ဖတ်ပူဇော်ကြရန် အကြမ်းဖက်မင်းအောင်လှိုင် ညွှန်ကြား”၊ “ရှမ်းပြည်မြောက်ပိုင်း၊ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရရှိခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများထဲမှ ၄၁ ဦးကို ပြန်လည် လွှတ်ပေးလိုက်ကြောင်း MNDAA က သတင်းထုတ်ပြန်”၊ “ဘူးသီးတောင်တွင် စစ်တပ်က ညအချိန် လေကြောင်းတိုက်ခိုက်မှုအပြင်းအထန်လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်ရင်း ၂ ခုကို AA က သိမ်းပိုက်ရရှိဟုဆို”၊ Salween Press ကဖော်ပြခဲ့တဲ့ “အောင်ဇေယျစစ်ကြောင်းရှေ့မတိုးနိုင်တာကြောင့် စစ်ကောင်စီဘက်မှ တပ်မ ၇၇၊ ၂၂၊ ၄၄၊ ၅၅၊ စကခ ၁၂ နယ်မြေခံတပ်နှင့်တင့်ကားတွေပါအင်အား ထပ်မံဖြည့်တင်းနေ”၊ “ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကိုစစ်ကောင်စီက ပေါင်၅၀၀ဗုံးဖြင့် ကြဲချ၍ တော်လှန်ရေး ရဲဘော်များ အပါအဝင် ဒေသခံ ၆ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရ”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။
စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ရသူတွေထဲမှာ သာသနာ့ဝန်ထမ်းတွေပါဝင်တယ်လို့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ နောက်ဆက်တွဲ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်
သံဃာတွေပါ စစ်မှုထမ်းရမယ်လို့ စစ်ခေါင်းဆောင်က အမိန့်ထုတ်လိုက်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ ဗွီဒီယိုပါအကြောင်းအရာထဲမှာလည်း ဒီလို စစ်ခေါင်းဆောင်က သံဃာတွေ စစ်မှုထမ်းရမယ်လို့ ထုတ်ပြန်ကြောင်း ပြောဆိုချက်မပါဝင်ပါဘူး။ “Khit Thit Televison”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းမီဒီယာ တွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်လွဲသို့မဟုတ် သတင်းခေါင်းစဉ်တုဖြန့်ဝေလေ့ရှိပါတယ်။

Title:Fact Check: သံဃာတွေပါ စစ်မှုထမ်းရမယ်လို့ စစ်ခေါင်းဆောင်က အမိန့်ထုတ် လိုက်တယ်ဆိုတဲ့ သတင်းတု
Written By: Zun ZeeResult: False