
ရှေးဟောင်းမြသိန်းတန်စေတီကို PDF က မိုင်းထောက်ဖောက်ခွဲတိုက်ခိုက်ပြီး သာသနာကို တိုက်ခိုက်နေတယ် လို့ဆိုထားတဲ့ ပို့စ် ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြစ်တယ်။
အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဩဂုတ် ၂၈ ရက်ကဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ကဖြစ်တယ်။ အလားတူ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
တကယ်တော့ ဂန့်ဂေါမြို့နယ် မင်းရွာနယ်မြေ ရဲစခန်းကို ဩဂုတ်လ ၁၅ ရက်နေ့က ABSDF နဲ့ PDF ပူးပေါင်း တပ်တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် မင်းရွာ၊ မြစ်သာမြစ် မြောက်ဘက်အခြမ်းက အလောင်းစည်သူမင်းတည်ထားခဲ့တဲ့ ရှေးဟောင်းမြသိန်းတန်စေတီ အပါအဝင် အခြားဗုဒ္ဓဘာသာ သာသနိက အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရမှုက ဓာတ်ပုံဖြစ်ပါတယ်။
ဧရာဝတီသတင်းဌာနက ၂၀၂၃ ခုနှစ် ဩဂုတ် ၂၁ ရက်က သတင်းဖော်ပြချက်ကို အောက်မှာကြည့်ပါ။
Myanmar Witness ကဒီဖြစ်စဉ် ဖြစ်ပွားရာနေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ကိုသြဒိနိတ်အမှတ် 22.029062,94.093927 ကနေလည်း ဒီဖြစ်စဉ်နေရာကိုလေ့လာနိုင်ပါတယ်။ ဘုရားဟာ ရဲစခန်းအနီးမှာ တည်ရှိပါတယ်။
သုံးသပ်ချက်
အရေးပါတဲ့ ရဲစခန်းနဲ့ စစ်စခန်းတွေ တိုက်ခိုက်ခံရလေ့ရှိတိုင်း စစ်တပ်က လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက် လေ့ရှိပါတယ်။ ဒီလိုတိုက်ခိုက်ပြီးလို့ ဘေးထွက်ဆိုးကျိုးအနေနဲ့ မှားယွင်းတိုက်ခိုက်မှုကြောင့် ပျက်စီးရမှုတွေကို လွတ်လပ်တဲ့ မီဒီယာတွေမှာ သတင်းဖော်ပြလာတိုင်း စစ်တပ်လော်ဘီတွေက ဆန့်ကျင်ဘက် ရေးသားဖြန့်ဝေလေ့ ရှိတာတွေ့ရပါတယ်။ အခုလည်း ဂန့်ဂေါမြို့နယ် မင်းရွာနယ်မြေ ရဲစခန်းကို တော်လှန်ရေး အင်အားစုတွေ ဝင်ရောက်စီးနင်းတဲ့ တိုက်ပွဲဖြစ်စဉ်အတွင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ရှေးဟောင်း ဘုရားနဲ့ ဘာသာရေးအဆောက်အဦးတွေ ပျက်စီးသွားတဲ့ ဖြစ်စဉ်ကို ဧရာဝတီသတင်းဌာနက ဖော်ပြလာအပြီးမှာ ဒီတူညီတဲ့ ဓာတ်ပုံတွေကိုပဲ PDF က မိုင်းခွဲဖျက်ဆီးမှုအဖြစ် သတင်းမှားဖြန့်ချိလာ တာဖြစ်တယ်။

Title:Fact Check: ရှေးဟောင်းမြသိန်းတန်စေတီကို PDF က မိုင်းထောက်ဖောက်ခွဲမှုဆိုတဲ့ သတင်းတု
Written By: နေရာမောင်Result: False