Rolex နာရီဝယ်ဖို့ ရန်ကုန်မြို့က Junction City မှာ လူတွေ တန်းစီစောင့်ဆိုင်းနေပုံအဖြစ် ဖေ့စ်ဘွတ်မှာ ကြော်ငြာ တခု ပျံ့နှံ့မှုနေတာတွေ့ရပါတယ်။ သတင်းတုတခုဖြစ်တယ်။ ဓာတ်ပုံဟာ စင်ကာပူနိုင်ငံက iPhone အရောင်းဆိုင် နဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုနေတဲ့ ကြော်ငြာ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။

“လျှော့စျေး Rolex နာရီများကိုရှာဖွေရန် ရန်ကုန်မြို့ရှိ Junction City တွင် ၄ နာရီကြာ တန်းစီစောင့်ဆိုင်းရသည့် ကြောက်မက်ဖွယ်အတွေ့အကြုံ။

ယမန်နေ့က နာမည်ကြီး နာရီအမှတ်တံဆိပ် Rolex သည် Junction City တွင် စတိုးဆိုင်သစ်တစ်ခုကို ကြေငြာခဲ့ရာ Rolex Oyster Perpetual Date နာရီမော်ဒယ်၏စျေးနှုန်းကို 65% အထိ 699,000 KS မှ 199,00 KS သာ လျော့ချရန် ဆုံးဖြတ်ခဲ့ပြီး ယခုတစ်ကြိမ်၊ စျေးနှုန်း။ သမိုင်းတွင် အကောင်းဆုံးဖြစ်သောကြောင့် ကျွန်ုပ်ကဲ့သို့ Rolex ပရိသတ်များကို လျစ်လျူမရှုနိုင်ပါ။ ဒါကြောင့် ဝယ်နိုင်ဖို့ စောလာခဲ့တယ်၊ ဒါပေမယ့် ငါ့လို လူပေါင်း ထောင်နဲ့ချီပြီး ရှိဖို့ မမျှော်လင့်ထားဘူး၊ လူအရမ်းများလွန်းလို့ လူတချို့ အောက်ဆီဂျင်မရှိလို့ မူးလဲသွားတယ်”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

Google မှာ ဓာတ်ပုံကို ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဓာတ်ပုံကို ပြီးခဲ့တဲ့ နှစ်အနည်းငယ်က iPhone နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေမှာပဲ သုံးစွဲထားတာဖြစ်တယ်။

နောက်ထပ် ရလာဒ်တွေကို ထပ်မံရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံကို iPhone ထုတ်တဲ့ ကုမ္ပဏီ Apple က ၂၀၁၈ ခုနှစ်အတွင်းက ထုတ်ပြန်ထားတဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၁ ရက်စွဲနဲ့ ထုတ်ပြန် ထားတဲ့ ဒီသတင်းထုတ်ပြန်ချက်မှာ “iPhone XS၊ iPhone XS Max နှင့် Apple Watch Series 4 များ စတိုးဆိုင် များတွင် ရောက်ရှိနေပြီ”ဆိုတဲ့ ရေးသားချက်နဲ့အတူ လူတွေ ဖုန်းလာဝယ်ပုံတွေ၊ ကမ္ဘာတဝှမ်းက ဖုန်းလာဝယ်ပုံ တွေကို မျှဝေထားပါတယ်။ အခုဓာတ်ပုံဟာ စင်ကာပူနိုင်ငံ Orchid လမ်းက Apple စတိုးမှာ လူတွေတန်းစီနေ ပုံဖြစ်တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာကြည့်ပါ။

မူရင်းလင်ခ့် – Apple | Archive link

ထို့အပြင် Rolex နာရီက ထုတ်ပြန်တဲ့ မြန်မာနိုင်ငံရဲ့ တရားဝင်လက်လီအရောင်းဆိုင်စာရင်းမှာ တခုပဲရှိပြီး Sule Square Mall မှာတည်ရှိပါတယ်။

မြန်မာနိုင်ငံ Junction City မှာ Rolex နာရီဝယ်ဖို့ တန်းစီနေတယ်ဆိုတဲ့ ဓာတ်ပုံ(ဘယ်)နဲ့ ၂၀၁၈ ခုနှစ်က ထုတ်ပြန်ထားတဲ့ စင်ကာပူနိုင်ငံက Apple စတိုးဓာတ်ပုံ(ညာ)ကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်တယ်။

အခုလိုပဲ စင်ကာပူ Orchard လမ်းက Apple စတိုးအပြင်ဘက်မှာ iPhone X အသစ်ဝယ်ယူဖို့ တန်းစီစောင့်ဆိုင်း နေကြတဲ့သူတွေရဲ့ ဓာတ်ပုံကို ရန်ကုန် ဗိုလ်ချုပ်လမ်းပေါ်က Hirosima စတိုးဆိုင်မှာ T500 စမတ်နာရီဝယ်ဖို့ စောင့်ဆိုင်းနေတဲ့ လူတန်းရှည်ကြီးအဖြစ် သတင်းတုဖန်တီးပြီး ကြော်ငြာခဲ့ဖူးပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဓာတ်ပုံဟာ စင်ကာပူနိုင်ငံက iPhone အရောင်းဆိုင်နဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံတပုံဖြစ်တာတွေ့ရပါတယ်။ ထို့အပြင် Rolex က မြန်မာနိုင်ငံမှာ ဈေးလျော့ရောင်းနေတယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။

ပြောဆိုချက်- Rolex နာရီဝယ်ဖို့ ရန်ကုန်မြို့က Junction City မှာ လူတွေ တန်းစီစောင့်ဆိုင်းနေပုံ

Avatar

Title:Fact Check: ရန်ကုန်က Junction City မှာ Rolex နာရီဝယ်ဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ ဓာတ်ပုံလား-မဟုတ်ပါ

Written By: နေရာမောင်

Result: False