Fact Check: လောက်သေရွက်က ကိုဗစ်ကို ကုသနိုင်သလား- လုံလောက်တဲ့ အထောက်အထားမရှိပါ

Misleading လူမှုရေး

လောက်သေရွက်ကြိုသောက်ရင် ကိုဗစ်-၁၉ ပျောက်တယ်လို့ရေးသားထားတဲ့ ပို့စ်ကို လူမှုကွန်ယက် အသုံးပြုသူအမြောက်အများက မျှဝေလျှက်ရှိပါတယ်။ 

“ရေဆေးပြီး လောက်သေရွက်ကို ၁၀ သားချိန်ရွယ်ပြီး တစ်နေ့၃ကြိမ် ၃ခွက်၁ခွက်တင်ကြိုပြီသောက်ပါ။ တစ်ရက်အတွင်း ကိုဗစ် ပိုးတွေအကုန်သေပြီး ရောဂါလုံးဝကိုသက်သာပါတယ်လို့ … ကိုဗစ်ဖြစ်ပြီးလို့ လောက်သေရွက်ကြိုသောက်တဲ့ သူတွေပြောပြလို့သိရသလို ဘုန်းဘုန်းလည်း ကိုယ်တိုင် ကိုဗစ်ထိ၍ ကိုယ်တိုင်သောက်၍ ကိုယ်တိုင်ပျောက်ခဲ့ပါတယ်။’’လို့စသည်ဖြင့် ရေးသားပြီး “အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဖေ့စ်ဘွတ်ပို့စ်ကို တစ်ရက်အတွင်း ပြန်လည်မျှဝေမှု ၁ သောင်းဝန်းကျင်ရှိပါတယ်။ ဒီလိုတွေ့ရှိတဲ့သူအဖြစ် အရှင်သုဇန(မဟာမြိုင်-မန္တလေး)09440055117 ဆိုပြီတော့ လည်းရေးသားထားပါတယ်။ 

ဒီပို့စ်ကို “Phyo Wai Aung Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ပြန်လည် မျှဝေမှုပေါင်း ၁ သောင်း ၂ ထောင်ရှိပါတယ်။ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ အလားတူရေးသားဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။ ဗွီဒီယိုပုံစံနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

လောက်သေပင်ရဲ့ သိပ္ပံအမည်ဟာ Desmodium triquetrum (L.)DC  သို့မဟုတ် Tadehagi triquetrum (L.)H.Ohashi ဖြစ်ပြီး ကူးစက်ရောဂါဖြစ်တဲ့ဘက်တီးရီးယားပိုးတွေကို ကုသရာမှာ အသုံးပြုတာတွေ့ရပါ တယ်။ ထပ်မံပြီး အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး အချက်အလက်အချို့ကို ရှာဖွေကြည့်ရာမှာ လောက်သေပင် အမြစ်မှာ ရောင်ရမ်းနာတွေကို သက်သာစေဖို့ပေးတဲ့ dexamethasone နဲ့ဂုဏ်သတ္တိတူတဲ့ ဓာတ်နှစ်မျိုး ပါဝင်တာ တွေ့ရပါတယ်။ Dexamethasone ကို ကိုဗစ်-၁၉ ပြင်းထန်လက္ခဏာရှိပြီး အသက်ရှုစက်တပ်ထားရတဲ့သူတွေ ကိုပေးရာမှာသေဆုံးမှုနှုန်းလျော့ကျခဲ့တာတွေ့ရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတာတွေ့ရ ပါတယ်။

သို့သော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အများပြည်သူအတွက်အကြံပြုချက်ထဲမှာ ကိုဗစ်-၁၉ ကို ပျောက်ကင်း စေတယ်ဆိုတဲ့ ဆေး၊အစားအစာနဲ့ ဆေးဖက်ဝင်အပင်မျိုးမရှိသေးဘူးလို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – WHOArchive link

ထို့အတူ ကိုဗစ်-၁၉ ကူးစက်ခံရသူအများစုဟာ မပြင်းထန်တဲ့ သို့မဟုတ် အနည်းငယ်ပြင်းထန်တဲ့ ရောဂါလက္ခ ဏာကိုသာ ခံစားရပြီး ဒီလက္ခဏာတွေကို ကုသရင်းနဲ့ ပြန်လည်ပျောက်ကင်းသွားကြတယ်လို့ WHO က ပြောကြားထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုဗစ်ဗဟုသုတစင်တာကို ဖေ့စ်ဘွတ်မက်ဆေ့ဂျာက တစ်ဆင့် “လောက်သေရွက်ကျိုသောက်ရင် ကိုဗစ်ပျောက်တယ်ဆိုတာ ဟုတ်ပါသလား”ဆိုတဲ့ မေးခွန်းမေးမြန်ရာမှာ “ရေနွေးငွေ့ရှူခြင်း၊ ရေနွေးသောက်ခြင်း၊ အရွက်များ ကြိတ်သောက်ခြင်း၊ ရှူခြင်းကဲ့သို့သော အရာများမှာ ကိုဗစ်ကာကွယ်ကုသရာတွင် အကြံပြုထားခြင်းမရှိပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ကိုဗစ်-၁၉ ရဲ့ရောဂါလက္ခဏာ လိုက်ပြီး ကုသရတာရှိပြီး ကိုဗစ်-၁၉ ကို ကုသပျောက်ကင်းတယ်ဆိုတဲ့ ဆေးမျိုးမရှိသေးဘူးလို့လည်းအမေးအဖြေကဏ္ဏမှာရေးသားထားပါတယ်။

သုံးသပ်ချက်

လောက်သေရွက်မှာ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဓာတ်မျိုးပါဝင်တာတွေ့ရပြီး ရိုးရာဆေးနည်းတွေမှာ ကူးစက် ရောဂါပိုးမွှားတွေကိုလည်း ကုသရာမှာလည်း အသုံးပြုတာတွေ့ရပေမဲ့ ဒီအရွက်ဟာ ကိုဗစ်-၁၉ ကို ကုသနိုင်တယ် ဆိုတဲ့အထောက်အထားမျိုးမတွေ့ရပါဘူး။

Avatar

Title:လောက်သေရွက်က ကိုဗစ်ကို ကုသနိုင်သလား- လုံလောက်တဲ့ အထောက်အထားမရှိပါ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *