ပြည်ပရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ(NCGUB)ဝန်ကြီးဟောင်းနဲ့ ၁၉၉၀ ရွေးကောက်ခံအမတ် ဒေါက်တာတင့်ဆွေက ဆီးချိုကုသဆေးလို့ဆိုထားတဲ့ Aptadiabet အမည်နဲ့ဆေးကို ကြော်ငြာနေပုံအဖြစ် ဖေ့စ်ဘွတ်မှာ ကြော်ငြာပို့တွေ ပျံ့နှံ့လျက်ရှိတယ်။ အတုအပပြုလုပ်ကြော်ငြာချက် သာဖြစ်ကြောင်း ဒေါက်တာတင့်ဆွေက ငြင်းဆိုပါတယ်။ နို့မှုန့်အမျိုးအစား Aptadiabet ဟာ ဆီးချိုကို ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။

“အနောက်တိုင်းဆေးကိုမသုံးဘဲ အိမ်တွင်ဆီးချိုရောဂါကိုရပ်ပါ။

မကြာသေးမီက ဒေါက်တာတင့်ဆွေသည် AptaDiabet Diabete nut milk ကိုအသုံးပြုပြီး ရောဂါလုံးဝပျောက်ကင်းခဲ့သည်။

ကျွန်ုပ်တို့ AptaDiabet မှ ကတိပြုသည်-

အနောက်တိုင်းဆေးများနှင့် အင်ဆူလင်ထိုးဆေးများ မသုံးပါနှင့်

တိုးတက်မှုမရှိပါက ငွေပြန်အမ်းမည်။

တိုင်ပင်ဆွေးနွေးရန် သင့်ဖုန်းနံပါတ်ကို ဤနေရာတွင် ထားခဲ့ပါ။

https://www.aptadiabet.store/diabetesassociation”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဒေါက်တာတင့်ဆွေအသုံးပြုတဲ့ ဖေ့စ်ဘွတ်အကောင့်အမည်တူနဲ့ ဓာတ်ပုံတွေကိုအသုံးပြုပြီး ဒေါက်တာတင့်ဆွေက ကြော်ငြာပေးသလို တုပထားခြင်းဖြစ်တာတွေ့ရပါတယ်။ ဒေါက်တာတင့်ဆွေက သူအသုံးပြုနေတဲ့ ဖေ့စ်ဘွတ် အကောင့်က နေပြီးတော့ အောက်ပါအတိုင်း ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။

“ဆီးချိုဆေး အတု အတု အတု

အတု အတု အတု

အတု အတု အတု

ဆီးချိုသမားတွေကိုလည်း လိမ်တယ်။ ဆရာဝန်ကိုလည်း လိမ်တယ်။

ပုံတွေအမျိုးမျိုးနဲ့ အတုတွေများလှပြီ။ မသိသေးတာတွေလည်း ရှိနိုင်တယ်။

ဆေးအတုကို ကျွန်တော့ပုံအတုတွေ၊ အသံအတုတွေနဲ့ လိမ်ရောင်းနေတယ်။

Report ရီပို့လုပ်ပေးကြစေလိုပါတယ်။ လုပ်တဲ့သူတွေက လုပ်ပေးကြပေမဲ့ အတုသစ်တွေသာ ထပ်ပေါ်လာနေတယ်။”

မူရင်းလင်ခ့် – Tint Swe | Archive link

တကယ်တော့ ဆီးချိုကုသဆေးအဖြစ်ကြော်ငြာထားတဲ့ Aptadiabet နို့မှုန့်ဟာ ဆီးချိုကို ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ Aptadiabet ဟာ ဆီးချိုသမားတွေအတွက် ဖြည့်စွက်အဟာရနို့မှုန့်အဖြစ် မလေးရှားမှာ ကြော်ငြာရောင်းချပေမဲ့ ကုသနိုင်တယ်ဆိုတဲ့ ကြော်ငြာရောင်းချမှုမျိုးမရှိပါဘူး။

ဆီးချိုရောဂါဟာ အမျိုးအစား ၂ မျိုးရှိပြီး အခုချိန်အထိ ဆီးရောဂါအမျိုးအစား ၂ မျိုးလုံးကို နို့မှုန့်သောက်ခြင်း အပါအဝင် အစားအသောက်တမျိုးမျိုးကို စွဲစွဲမြဲမြဲသုံးရုံဖြင့် ကုသနိုင်ပြီဆိုတဲ့ အထောက်အထားမျိုး မရှိသေးပါဘူး

သုံးသပ်ချက်

Aptadiabet ဆိုတဲ့ ဆီးချိုသမားတွေအတွက် ဖြည့်စွက်စာအဖြစ်ရောင်းချနေတဲ့ နို့မှုန့်ကို ‌‌ဒေါက်တာတင့်ဆွေက ကြော်ငြာပေးခဲ့တာမျိုးမရှိပါဘူး။ အားလုံးဟာ အတုအပပြုလုပ်ထားခြင်းသာဖြစ်တယ်လို့ ဒေါက်တာတင့်ဆွေက ပြန်လည်ရှင်းလင်းထားပါတယ်။ ဒီလိုမျိုး ဖြည့်စွက်အဟာရတခုခုနဲ့ ဆီးချိုကို ကုသနိုင်တယ်ဆိုတာမျိုးမရှိပါဘူး။

ပြောဆိုချက်- Aptadiabet ကဆီးချိုကုသနိုင်တယ်လို့ အ‌ဝေးရောက်အစိုးရဝန်ကြီးဟောင်း ဒေါက်တာတင့်ဆွေ ကြော်ငြာပေး

Avatar

Title:Fact Check: အ‌ဝေးရောက်အစိုးရဝန်ကြီးဟောင်း ဒေါက်တာတင့်ဆွေ ဆီးချိုဆေး ကြော်ငြာပေးနေတာလား-မဟုတ်ပါ

Written By: နေရာမောင်

Result: False