Fact Check: လက်ရှိပဋိပက္ခမှာ အစ္စရေးအသုံးပြုနေတဲ့ Iron Beam ‌လေဆာ လက်နက် လား- မဟုတ်ပါ

နိုင်ငံတကာ၊ | International

လက်ရှိ အစ္စရေး-ဟားမတ်စ်စစ်ပွဲမှာ အစ္စရေးထုတ်သုံးလာတဲ့  Iron Beam လေဆာသုံးဒုံးခွင်လက်နက်လို့ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ ဒီလက်နက်ကို လက်ရှိစစ်ပွဲမှာ သုံးနေပြီဆိုတဲ့အထောက်အထားမရှိပါဘူး။ ဒီဗွီဒီယိုဟာ အွန်လိုင်းမှာ မျှဝေထားတာ အနည်းဆုံး  ၁ လဝန်းကျင်ရှိပြီဖြစ်ပါတယ်။ 

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

“လက်ရှိ အစ္စရေး vs ပါလက်စတိုင်း စစ်ပွဲတွင်

အစ္စရေး မှ ပွဲထုတ်လာသော Iron Beam Best. laser

Anti-Missile လက်နက်

#kokhant”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

တကယ်တော့ ဒီဗွီဒီယိုဟာ လက်ရှိ  အစ္စရေး-ဟားမတ်စ်စစ်ပွဲမတိုင်ခင်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့နေ တာဖြစ် ပါတယ်။ ဖေ့စ်ဘွတ်မှာ ဂိမ်းဗွီဒီယိုဖန်တီးသူတယောက်က ဖန်တီးထားတဲ့ စုပေါင်းစပ်ပေါင်း ဗွီဒီယိုသာဖြစ်တယ်။ စက်တင်ဘာ ၄ ရက်ကမျှဝေထားတဲ့ မူရင်း ဗွီဒီယိုကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုဂိမ်းဗွီဒီယိုထဲမှာ အမေရိကန်အခြေစိုက် စစ်လက်နက်လုပ်ငန်းစုတခုဖြစ်တဲ့ RTX က ၂၀၁၉ ခုနှစ် ဧပြီ ၁၅ ရက်က ထုတ်ပြန်ခဲ့တဲ့ ဗွီဒီယိုအစိတ်အပိုင်းတွေကို အတော်များများအသုံးပြုထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ကြည့်ပါ။ 

ထို့အပြင် အောက်တိုဘာ ၇ ရက်စတင်ခဲ့တဲ့ ဟားမတ်စ်နဲ့ စစ်ပွဲမှာ အစ္စရေးအနေနဲ့ ဒီ Iron Beam လေဆာ စနစ်သုံး လက်နက်ကို အသုံးပြုခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိချိန်မှာ ဒီလက်နက်ကို သုတေသနပြုစမ်း သပ်နေတဲ့ အစ္စရေးအခြေစိုက် Rafael ကုမ္ပဏီကတော့ ၂ ကီလိုမိတာ(၂၀၀၀ မီတာ)အတွင်း လေကြောင်းက လာတဲ့ ခြိမ်းခြောက်မှုတွေကို ဖျက်ဆီးပစ်မယ့် ၇.၅ ကီလိုဝပ်ရှိတဲ့ စွမ်းအားမြင့်လေဆာ(High Energy Laser-HEL) လက်နက်ဟာ ကနဦး စမ်းသပ်အောင်မြင်မှုအဆင့်(prototype)မှာရှိနေပြီလို့ ကြေညာထားပါတယ်။ ဒီပြောဆိုချက်အရ လက်တွေ့ အသုံးပြုနိုင်နေပြီဆိုတဲ့ အဆင့်မဟုတ်သေးတာ တွေ့ရပါတယ်။    

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ အစ္စရေးအနေနဲ့ ဒီ Iron Beam လေဆာ စနစ်သုံး လက်နက်ကိုတီတွင် နေတာမှန်ပေမဲ့ ဒီစနစ်ကို အသုံးပြုနိုင်ပြီဆိုတဲ့ အထောက်အထားမရှိသေးပါဘူး။ ဒီလိုပဲ အခုမျှဝေထားတဲ့ ဗွီဒီယိုဟာ အပျော်တမ်း ဗွီဒီယိုဖန်တီးသူတဦးက ဖန်တီးထားတဲ့ စုပေါင်းစပ်ပေါင်းဗွီဒီယိုသာဖြစ်တယ်။

Avatar

Title:Fact Check: လက်ရှိပဋိပက္ခမှာ အစ္စရေးအသုံးပြုနေတဲ့ Iron Beam ‌လေဆာ လက်နက် လား- မဟုတ်ပါ

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *