စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တအိမ်သားလုံး PDF တွေက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြဝတီသတင်းက ကြေညာလိုက်တယ်လို့ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု သတင်းမှား ဖြန့်ချိမှုသာဖြစ်တယ်။

အောက်ပါစာသားနဲ့စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။

“မြဝတီသတင်းကအရေးပေါ်ကြေငြာပြီ ညကမအလတစ်အိမ်သားလုံးPDF တွေဖမ်းသွားပြီ ည၁၂နာရီတိတိ လက်မလွှတ်တမ်းသတင်းနားထောင်ကြည့်ပါ”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဒီလိုရေးသားဖြန့်ဝေထားတဲ့ ဗွီဒီယိုကို ဝင်ကြည့်ရာမှာတော့ ဗွီဒီယိုထဲမှာ လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တခုလုံး မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာ မိတ်တပ်မတော် (MNDAA)ထံ လက်နက်ချခဲ့တဲ့အကြောင်းကို ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြန်လည်သုံးသပ်ပြောဆိုနေတဲ့ ဗွီဒီယိုတခုဖြစ်တာတွေ့ရပါတယ်။ အာဏာသိမ်း စစ်တပ်က မြောက်ပိုင်းမှာ မရှု့မလှရှုံးနိမ့်မှု၊ စစ်တပ်ကို စွန့်ခွာလာတဲ့ အရာရှိစစ်သည်တွေများပြားလာမှုနဲ့ ခွင့်မဲ့ပျက်ကွက် သို့မဟုတ် တော်လှန်ရေးဘက်ကို ပူး‌ပေါင်းလာတဲ့ အရာရှိတွေအဖြစ် စစ်တပ်က ကြေးနန်းမှာ ဖော်ပြခဲ့တဲ့ စစ်သည်အရာရှိ ၃၀ ရဲ့စာရင်းကို အသေးစိတ် ဖတ်ပြနေတာဖြစ်တယ်။ ဒီလို စစ်တပ်က ခွင့်မဲ့ ပျက်ကွက်အဖြစ် ကြေညာခံရတဲ့ အရာရှိတွေရဲ့ မိသားစုတွေရဲ့ လိပ်စာတွေကို စုံစမ်းပြီး နည်းလမ်းမျိုးစုံနဲ့ ဖမ်းဆီးဖို့နဲ့ လိုအပ်ရင် အဆုံးစီရင်ဖို့အထိ စစ်ခေါင်းဆောင်က အမိန့်ပေးထားကြောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်က တပ်တွင်းသတင်းရင်းမြစ်ကို ကိုးကားပြီး ပြောကြားနေတာဖြစ်တယ်။

ဗွီဒီယိုကို မျှဝေထားတဲ့ “သ တင်း ထူး”အမည်နဲ့ ဗွီဒီယိုကိုကြည့်မယ်ဆိုရင်လည်း သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ သတင်းတုတွေ ဖြန့်ချိတာ သို့မဟုတ် အခြားသော လူမှုကွန်ယက်အသုံးပြုသူတွေက သူတို့သုံးစွဲတဲ့ အကောင့်တွေ က live လွှင့်ပြောကြားချက်တွေကို ပြန်လည်အသုံးပြုပြီး ထင်ယောင်ထင်မှားဖြစ်ဖွယ် သတင်းခေါင်းစဉ်တု တပ်ဖြန့်ချိမှုတွေ လုပ်နေတာတွေ့ရပါတယ်။

မြဝတီသတင်းဟာ စစ်တပ်က ထိန်းချုပ်ထားတဲ့ မီဒီယာဖြစ်ပြီး ဒီလိုကြေညာတယ်ဆိုတဲ့ အထောက်အထား လည်းမရှိပါဘူး။

သုံးသပ်ချက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တအိမ်သားလုံး PDF တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာ မဟုတ်သလို မြဝတီသတင်းက ဒီသတင်းကို ကြေညာတယ်ဆိုတာလည်းမဟုတ်ပါဘူး။ တပ်ကခွင့်မဲ့ပျက်ကွက်တဲ့ အရာရှိ မိသားစုတွေစာရင်းကို စစ်ခေါင်းဆောင်က တောင်းထားပြီး လိုအပ်ရင် အဆုံးစီရင်ဖို့အထိ အမိန့်ပေးထားကြောင်း ဗိုလ်ကြီးဟောင်းနေမျိုးဇင်ရဲ့ ပြောကြားချက်ကို လိုအပ်သလို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။

Avatar

Title:Fact Check: စစ်ခေါင်းဆောင် တမိသားစုလုံးကို PDF က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သတင်းတု

Written By: နေရာမောင်

Result: False