Fact Check: ဒီဗွီဒီယိုတွေက Gen Z တွေ သင်တန်းဆင်းပုံမဟုတ်ပါ

False လူမှုရေး

စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြခဲ့တဲ့ လူငယ်တွေရဲ့ စစ်သင်တန်းဆင်းပွဲအဖြစ် ပျောက်ကျား စစ်ဝတ်စုံနဲ့ စီးတန်းလမ်းလျှောက်၊ လက်မှတ်ပေးအပ်မှုမြင်ကွင်းတွေပါတဲ့ ဗွီဒီယိုတွေကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက မျှဝေလျက်ရှိပါတယ်။ လူငယ်စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ လူငယ်တွေဟာ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီမှာ စစ်သင်တန်းတွေ တက်ရောက်နေချိန်လည်းဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဗီဒီယိုတွေဟာ ပြီးခဲ့တဲ့ နှစ်များအတွင်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့အကြောင်းအရာတွေကို ပြန်လည်မျှဝေနေခြင်းဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ သင်တန်းတွေနဲ့ သက်ဆိုင်တဲ့ ဗွီဒီယိုဖြစ်ပါတယ်။

 “GZ လေးတွေရဲပထမအသုတ် စစ်သင်တန်းဆင်းပွဲ GZ လေးတွေက ပြုံးလို ပျော်လို့စလိုနောက်လိုပေါ့” လို့ရေးသားပြီး “P&W Songs”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက လက်နက်ကိုင် ပျောက်ကျားဝတ်စုံနဲ့ စစ်သားတွေ အမျိုးသမီးများက ကြိုဆိုေနဟန်ရိုက်ကူထားတဲ့ ဗွီဒီယိုကို မေ ၁၀ ရက်ကမျှဝေခဲ့ရာမှာ ဒီဗွီဒီယိုကို ပြန်လည်မျှ ဝေသူ ၂ သောင်း ၃ ထောင်ရှိခဲ့ပြီး ကြည့်ရှူ့သည့်အကြိမ်အရေအတွက် ၁ ဒသမ ၃ သန်းကျော် ရှိပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ GZ ဆိုတာကတော့ Generation Z ရဲ့အတိုခေါက်ဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်းမှုကို ဦးဆောင်ဆန့်ကျင်ကြတဲ့ လူငယ်မျိုးဆက်ကို ရည်ညွှန်းပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

“P&W Songs”ကပဲ  ဒုတိယအကြိမ် သင်တန်းဆင်းပွဲဆိုပြီးတော့ ပျောက်ကြားဝတ်စုံဝတ်စစ်သည်များရဲ့ စစ်ရေးပြအခမ်းအနားတစ်ခုကို ရိုက်ကူထားတဲ့ ဗွီဒီယိုဖိုင်တစ်ခုကို ထပ်မံတင်ခဲ့တာလည်းတွေ့ရပါတယ်။ ဒီဗွီဒီယိုကိုလည်း ပြန်လည်မျှဝေမှု ၃ ထောင်ဝန်းကျင်ရှိပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အဲဒီရက်ပိုင်းအတွင်းမှာပဲ အလားတူပြောဆိုမှုတွေနဲ့အတူ အခြားပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုမှာ သင်တန်းဆင်းလက်မှတ်ပေးအပ်နေပုံတွေလည်းပါဝင်ပါတယ်။

“ကျွန်တော်ကတော့သီချင်းလေးနားထောင်ပြီးမျက်ရည်ကြသွားတယ်😓 Armedတွေကတကယ်သနားဖို့ကောင်းတယ်ဗျ😓🖤

We are Federal ARMY In Myanmar Country

WeLoveWeRace”လို့ေရးသားပြီး “N.M.K”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၉ ထောင်ဝန်းကျင်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း ေတွ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

အဓိကကျတဲ့ စကားလုံးတွေ အသုံးပြုပြီး Google နဲ့ Youtube မှာရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုတွေဟာ ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ပတ်သက်တဲ့ ဗွီဒီယိုတွေဖြစ်တာတွေ့ရပါတယ်။

ပထမဆုံးဗွီဒီယိုကို ကြည့်မယ်ဆိုရင် လက်မောင်းမှာ လက်နက်ကိုင်အဖွဲ့ကို ကိုယ်စားပြုဖော်ပြထားတဲ့ အမှတ်တံဆိပ်ပါဝင်ပြီး KNU ရဲ့ လက်နက်ကိုင် တပ်ဖြစ်တဲ့ KNLA ရဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။ KNU Channel အမည်နဲ့ Youtube စာမျက်နှာမှာ ဒီလို စစ်သင်တန်းဆင်း အမျိုးသားတွေကို အမျိုးသမီးတွေက ကြိုဆိုနေတဲ့ ဗွီဒီယိုတွေလည်းတွေ့ရပါတယ်။

စစ်အာဏာသိမ်းဆန့်ကျင်တဲ့ လူငယ်တွေရဲ့ ဒုတိယအကြိမ်သင်တန်းဆင်းပွဲအဖြစ် ဖော်ပြနေတဲ့ ဗွီဒီယိုက ပြကွက်ပါဝင်တဲ့ ပိုရှည်တဲ့မူရင်းဗီဒီယိုကို မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုမဖြစ်ခင် တစ်နှစ်အလို ၂၀၂၀ ခုနှစ်၊ မေလကတည်းက ဒီ YouTube စာမျက်နှာမှာ တင်ထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – KNU ChannelArchive link

နောက်ထပ်ဗွီဒီယိုတစ်ခုကိုလည်း Free Burma Rangers အမည်နဲ့ You Tube စာမျက်နှာ​မှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က နှစ် ၂၀ ပြည့် နှစ်ပတ်လည် ဗွီဒီယိုအဖြစ်တင်ထားတဲ့ ၈ မိနစ်နဲ့ ၄၉ စက္ကန့်ကြာ မူရင်းဗွီဒီယိုရဲ့ အစိတ်အပိုင်းဖြစ်တာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Free Burma RangersArchive link

ထို့အပြင် အမျိုးသားညီညွှတ်ရေးအစိုးရက ယနေ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (People’s Defence Force – PDF) တောင်ပိုင်းတိုင်းစစ်ဌာနချုပ် သင်တန်းဆင်းပွဲအခမ်းအနားကို ထုတ်ပြန်လာတာတွေ့ရပါတယ်။ ထုတ်ပြန် လာတဲ့ သင်တန်းဆင်းဗွီဒီယိုမှာ ပျောက်ကျားဝတ်စုံခြင်းတူညီပေမဲ့ လက်မောင်းတစ်ဖက်တစ်ချက်စီမှာ မည်သည့် အမှတ်တံဆိပ်မှမပါဝင်တာလည်းတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဆန္ဒပြလူငယ်တွေ သင်တန်းဆင်းပွဲအဖြစ်ဖော်ပြနေတဲ့ ဗွီဒီယိုတွေဟာ ကရင်အမျိုးသားအစည်းအရုံးနဲ့သက်ဆိုင်တဲ့ ဗွီဒီယိုအဟောင်းတွေကိုပြန်လည် မျှဝေနေခြင်းဖြစ်တာ တွေ့ရပါတယ်။

Avatar

Title:ဒီဗွီဒီယိုတွေက Gen Z တွေ သင်တန်းဆင်းပုံမဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *