
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဂျပန်မှာ အဖမ်းခံရတဲ့ ဗွီဒီယိုလို့ဆိုပြီး ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာမှာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ တကယ်တော့ ဒေါ်ဇင်မာအောင် ဂျပန်မှာ ဂျပန်ရောက်မြန်မာတွေနဲ့ မြန်မာအရေးဆွေးနွေးပွဲအပြီး ပြန်လည်ထွက်ခွာသွားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အခမ်းအနားတခုကနေ လုံခြုံရေး တာဝန်ယူထားတဲ့သူတွေနဲ့ ဝိုင်းရံပြီး ဒေါ်ဇင်မာအောင် ထွက်ခွာသွားတဲ့ ဗွီဒီယိုနဲ့အတူ ဒီလိုရေးသားမျှဝေထားတာဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းပါတယ်။
“NUG အကြမ်းဖက်အဖွဲ ခေါင်းဆောင်တဦးဖြစ်တဲ့ (ဇင်မာအောင်ဆိုသူအမျိုးသမီး ) ဂျပန်မှာ စကားပြောပွဲလုပ်နေစဉ် ဂျပန်လျှိုဝှက်ရဲတပ်ဖွဲက ဝင်ရောက်ဖမ်းဆီးပြီး ဂျပန်နိူင်ငံကနေ နှင်ထုတ်လိုက်တယ်လိုသိရပါတယ်။😮😮😮 မှိုင်းဝေ https://t.me/hminewai/42467 https://t.me/hminewai/42467”

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ နိုဝင်ဘာ ၂၈ ရက်အထိ ၁၂ ရက်ကြာ ဂျပန်မှာ အလည်အပတ် ရောက်ရှိနေခဲ့ပြီး ဂျပန်နိုင်ငံမှာ ဂျပန်ရောက် မြန်မာအသိုင်းအဝိုင်း၊ မြန်မာစစ်အာဏာသိမ်းမှုကို မထောက်ခံတဲ့ ဂျပန် နိုင်ငံရေးအသိုင်းအဝိုင်း၊ လွှတ်တော်အဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ NUG ရဲ့ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။ ဒီခရီးစဉ်အတွင်းမှာ ဂျပန် နိုင်ငံအစိုးရဘက်က ဒေါ်ဇင်မာအောင် အတွက် လုံခြုံရေးစီစဉ်ပေးခဲ့တာတွေ့ရပြီး အခုဗွီဒီယိုဟာလည်း ဂျပန်ရောက် မြန်မာတွေ၊ဂျပန်နိုင်ငံက မြန်မာအရေးစိတ်ဝင်စားသူတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲအပြီး ထွက်ခွာလာတဲ့ ဗွီဒီယိုရဲ့ အစိတ်အပိုင်း တခုဖြစ်တာတွေ့ရပါတယ်။
အခုလိုမျိုး ဒေါ်ဇင်မာအောင် အဖမ်းခံရတယ်လို့ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဟာ မူလက NUG ကိုထောက်ခံတဲ့ တစ်တော့(tiktok)အသုံးပြုသူ တယောက်က နိုဝင်ဘာ ၂၆ ရက်မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖြစ်ပါတယ်။ ဗွီဒီယိုမှာ ဒေါ်ဇင်မာအောင်ရဲ့ အောင်မြင်တဲ့ ခရီးစဉ်အတွက် ချီးကျူးတဲ့အနေနဲ့ မျှဝေထားတာဖြစ်တယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။

ထို့အပြင် ဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်းဂျပန်နိုင်ငံခရီးစဉ်နဲ့ ပတ်သတ်တဲ့ ဓာတ်ပုံတချို့ကို ဒီဇင်ဘာ ၂ ရက်မှာ ပြန်လည်မျှဝေခဲ့ပါသေးတယ်။ ဒီခရီးစဉ်တလျှောက်လုံးမှာလည်း သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ သတင်းနဲ့ အချို့သောအကြောင်းအရာတွေကို ဆက်တိုက် မျှဝေနေတာတွေ့ရပါတယ်။ တိုကျိုမြို့မှာ ဂျပန်အခြေစိုက် နိုင်ငံခြား သတင်းထောက်များအစည်းအဝေးခန်းမ မှာ ဒေါ်ဇင်မာအောင်က သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး မေးမြန်းမှုတွေကို ဖြေကြားခဲ့ပါသေးတယ်။

သုံးသပ်ချက်
ဒေါ်ဇင်မာအောင် ဂျပန်နိုင်ငံမှာ ဖမ်းဆီးခံရတယ်ဆိုတာ မဟုတ်ပါဘူး။ မူလဗွီဒီယိုဟာ သူမကို ထောက်ခံသူ တဦးက ဂျပန်ရောက် မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံမှုအပြီး ပြန်အထွက်မှာ ရိုက်ကူးထားတဲ့ ဗွီဒီယိုဖြစ်ပြီး တစ်တော့မှာ မျှဝေပြီး ချီးကျူးအားပေးထားခြင်းဖြစ်တယ်။

Title:Fact Check: NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဂျပန်မှာ အဖမ်းခံရတဲ့ ဗွီဒီယိုလား-မဟုတ်ပါ
Written By: နေရာမောင်Result: False