
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြိုနယ်ဘုရားကြီးမဲရုံအတွင်းထဲက သစ်တောဓမ္မာရုံမှာ မဲပုံးတွေကို ဖွင့်ဖောက်ပြီး တံဆိပ်တုံးထုနေတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ မျှဝေနေတာကို တွေ့ရပြီး ဒီပို့စ်ကို ပြန်လည်မျှဝေသူပေါင်း တစ်သောင်းကျော်ရှိတာကိုတွေ့ရပါတယ်။
“ဒဂုံမြို့နယ် ဘုရားကြီးမဲရုံ သစ်တောဓမ္မာရုံဝန်းထဲမှာ မဲဗုံးများအား ဖွင့်ဖောက်ပြီး စိတ်ကြိုက် တံဆိပ်တုံး ထုနေသော Video ပါ (မူရင်းအရေးအသားတိုင်း ဖော်ပြခြင်းဖြစ်ပါတယ်)”လို့ ခေါင်းစဉ်တပ်ထားပြီး ၂ မိနစ်နဲ့ ၃၁ စက္ကန့်ကြာတဲ့ ဒီဗွီဒီယိုဖိုင်ကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ ဒီဗွီဒီယိုဖိုင်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။

မူရင်းလင်ခ့် – FB Link | Archive Link
အချက်အလက်စိစစ်ချက်
ဒီဗွီဒီယိုဖိုင်မှာ ကြိုတင်မဲပုံးတွေ၊ မဲလက်မှတ်တွေနဲ့ ကြိုတင်မဲစာအိတ်လို့ ယူဆရတဲ့ စက္ကူစာအိတ်တွေကို တွေ့ရပြီး လူနှစ်ယောက်က မဲလက်မှတ်နဲ့ စက္ကူစာအိတ်တွေကို လုပ်ကိုင်နေတာကို တွေ့ရပေမဲ့ အထက်မှာရေးသားသလိုမျိုး တံဆိပ်တုံးထုနေသလားဆိုတာကိုတော့ သဲသဲကွဲကွဲမြင်နိုင်လောက်အောင် ကြည်လင်ပြတ်သားမှုမရှိပါဘူး။
ဒီဗွီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmarက ဒဂုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဒေါ်မေမေသန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံ ပါတီတွေဘက်က တစ်စုံတစ်ရာ အကြောင်းကြားတာတွေ၊ တိုင်ကြားတာ၊ ကန့်ကွတ်လွှာတင်သွင်းတာမျိုး မရှိသေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင်”ဒါကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဘာလို့ဆိုရင် သစ်တောဓမ္မာရုံကို အသုံးပြုခွင့်ရတော့ ၇ ရက်နေ့မှာပါ၊ မြို့နယ်ရဲ့ ဌာနဆိုင်ရာတွေအကုန်လုံးပေါ့ လုံခြုံရေးဆိုလည်း မြို့နယ်ရဲမှူးကိုယ်တိုင်ပါတယ်၊ မီးသတ်၊ ကော်မရှင်အဖွဲ့တွေ၊ မြို့နယ်ထွေအုပ်နဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်စားလှယ်တွေလည်းပါတယ်၊ တစ်မြို့လုံးကမဲရုံတွေကို သွားစစ်ခဲ့တယ်၊ ၇ ရက်နေ့ဆိုတာက ၈ ရက်နေ့ မဲပေးဖို့အဆင့်သင့်ဖြစ်နေအောင် မဲရုံမှူးတွေကော လူတွေအများကြီးက ပြင်ဆင်နေကြတာ၊ လူတွေအများကြီးရှေ့မှာ ဒါမျိုးလုပ်ဖို့က မဖြစ်နိုင်ဘူး၊ ဒါမျိုးမသမာတာတစ်ယောက်ယောက်က လုပ်ရင်လည်း လူအများကြီးရှိနေတာ ဘယ်သူမှ ငြိမ်ခံမှာ မဟုတ်ဘူး၊ သတင်းတွေလည်း တက်လာမှာပေါ့”လို့ ဒေါ်မေမေသန်းက ပြောပါတယ်။
“နောက်တခုက ကြိုတင်မဲပုံးတွေကိစ္စ၊ ကိုယ့်စိတ်ကြိုက်ဖွင့်ကြည့်လို့ကို မရတာ၊ ကြိုတင်မဲပုံးတွေကို ချည်ထားတဲ့ ကြိုးတွေက တကယ့်ကိုထိလွယ် ပျက်လွယ်တယ်၊ အဲ့လိုပျက်လွယ်တဲ့ကြိုးတွေကို တမင်သုံးထားတာ၊ သွားပြီး မတော်မတရားသွားလုပ်ရင် ပြုတ်ထွက်သွားရော၊ တခုခုမဟုတ်တာလုပ်ထားလာဆိုတာသိသာအောင် သုံးထားတာ၊ ပျက်သွားရင် ပြန်တပ်လို့လည်းမရဘူး၊ ကြိုးတွေမှာက နံပတ်တွေနဲ့ ကြိုတင်မဲတစ်ရက်ကောက်ပြီးလို့ သိမ်းတာနဲ့ ဒီပုံးတွေထားတဲ့ပုံစံတွေနဲ့ ချည်တဲ့ကြိုးတွေကနံပတ်တွေကို ပါတီတွေက ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်စာလှယ်တွေက မှတ်ထားရတယ်၊ ဓာတ်ပုံရိုက်ထားတယ်၊ နောက်နေ့ကျ ဒါတွေအကုန်ပြန်တိုက်စစ်ဆေးပြီး သဘောတူမှ ဆက်လုပ်လို့ရတာ အဲ့ကြိုးတွေက မတော်တဆ ပျက်သွားတာမျိုးဆိုရင်တောင် မဲရုံမှူးလည်း တစ်ယောက်တည်း လုပ်လို့မရဘူး၊ စောင်ကြည့်တဲ့သူတွေ ကိုယ်စားလှယ်တွေအကုန်ခေါ်ပြီး ရှေုမှာတင် ကြိုးပြန်ချည် နံပါတ်တွေပြန်မှတ်ဒီလိုလုပ်ရတာ၊ လွယ်လွယ်လေး ဟိုပုံကဟာ ဒီထည့်လုပ်လို့ကို မရဘူး”လို့ ဒေါ်မေမေသန်းက ရှင်းပြပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဒဂုံမြိုနယ်ဘုရားကြီးမဲရုံအတွင်းထဲက သစ်တောဓမ္မာရုံမှာ မဲပုံးတွေကို ဖွင့်ဖောက်ပြီး တံဆိပ်တုံးထုနေတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်ဟာ လွဲမှားတဲ့ဖော်ပြချက်ဖြစ်တာကို တွေ့ရပါတယ်။

Title:ဒဂုံမြို့နယ် ဘုရားကြီးမဲရုံက မဲပုံးတွေကိုဖွင့်ဖောက်ပြီး တံဆိပ်တုံးထုနေတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်အမှား
Fact Check By: Lynn YuResult: False