ဗီယက်နမ်မှာ လက်ဖက်ရည်နဲ့ သံပုရာရည်သောက်တဲ့အတွက် ဗိုင်းရပ်စ်အသစ်(ကိုဗစ်-၁၉)ကြောင့် သေဆုံး သူမရှိဘူးလို့ ရေးသားပြီး သတင်းမှားတစ်ခုကို လူမှုကွန်ယက်အသုံးပြုသူတွေက မျှဝေလျှက်ရှိပါတယ်။ အမှန်တကယ်မှာ ဗီယက်နမ်နိုင်ငံမှာ ဇူလိုင် ၂၁ ရက်အထိ ကိုဗစ်ကြောင့် သေဆုံးမှုအရေအတွက် ၃၃၄ ယောက်ရှိပြီး လက်ဖက်ရည်နဲ့ သံပုရာရောသောက်တာဟာ ကိုဗစ်ကို ကာကွယ်နိုင် ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။

“အခုဗိုင်းရပ်စ်အသစ်မှာ သေဆုံးသူလုံးဝမရှိတဲ့ ဗီယက်နမ်နိုင်ငံမှ ဆေးနည်းကောင်း”လို့ ခေါင်းစဉ်တပ်ထားပြီး တူညီစွာရေးသားမျှဝေထားတဲ့ သက်ဆိုင်ရာဝက်ဘ်ဆိုဒ်စာမျက်နှာအသီးသီးကို ဖေ့စ်ဘွတ်အသုံးပြုသူတွေက မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။

ဒီဝက်ဘ်ဆိုဒ်စာမျက်နှာက သတင်းကို ဝင်ရောက်ဖတ်ရှု့မယ်ဆိုရင် “Vietnam ဗီယက်နမ်နိုင်ငံတွင် ဗိုင်းရပ်စ်သစ် သည်သေဆုံးနှုန်းလုံးဝသုညရှိသည်။သက်ဆိုင်ရာအပြည်ပြည်ဆိုင်ရာလူများသည်စူပါနိုင်ငံဗီယက်နမ်၏လျှို့ဝှက်ချက်ကိုရရှိခဲ့ကြသည်။ သင်သည် ဗိုင်းရပ်စ်အသစ်နှင့်အတူကူးစက်ရင်တောင်သေမှာမဟုတ်သည်မှာ သေချာသည်။ အချက်အလက်များစွာကဖော်ပြချက်သည်အလွန်ရိုးရှင်းသည်ဟုသက်သေပြသလိုလည်းအထူးသဖြင့်ထိရောက်မှုရှိသည်။

အပြည်ပြည်ဆိုင်ရာစူပါကုထုံး၏လျှို့ဝှက်ပုံသေနည်းမှာအောက်ပါအတိုင်းဖြစ်သည် –

၁။ လက်ဖက်ရည်ကြမ်းကိုရေပွက်ပွက်ဆူတွင်ပြုလုပ်ပါ။

၂။ သံပုရာဖျော်ရည်ကိုရောစပ်ပြီးနောက်လက်ဖက်ရည်ပူသောက်ပါ။

၃။ ဤလျှို့ဝှက်ချက်သည် ဗိုင်းရပ်စ်သစ်ကိုချက်ချင်းသေစေနိုင်သည်။

၄။ ကျွမ်းကျင်သူများကစစ်ဆေးပြီးနောက်၊ဗိုင်းရပ်စ်ကိုခန္ဓာကိုယ်မှလုံးဝဖယ်ထုတ်နိုင်သည်။

၅။ အခြေခံမူမှာဤပါဝင်မှုနှစ်ခု၏ပုံသေနည်းသည်ကိုယ်ခံအားစနစ်ကို alkaline ဖြစ်စေသည်။

ဘာဖြစ်လို့လဲဆိုတော့ညဥ့်အခါမှာတော့ခန္ဓာကိုယ်စနစ်ဟာအက်ဆစ်ဓာတ်ဖြစ်လာပြီးကိုယ်ခန္ဓာရဲ့ကိုယ်ခံစွမ်းအားကိုလည်းလျော့နည်းသွားစေလို့ပဲ။”စသည်ဖြင့်ရေးသားထားပါတယ်။

“Mg Wunna” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အထက်ပါပြောဆိုချက်တွေပါဝင်တဲ့ ပို့စ်ကို အောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁ ထောင် ၁ ရာရှိပါတဘ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ပထမဆုံး “ခုဗိုင်းရပ်စ်အသစ်မှာ သေဆုံးသူလုံးဝမရှိတဲ့ ဗီယက်နမ်နိုင်ငံ” သို့မဟုတ် “Vietnam ဗီယက်နမ်နိုင်ငံ တွင် ဗိုင်းရပ်စ်သစ်သည်သေဆုံးနှုန်းလုံးဝသုညရှိသည်။”ဆိုတဲ့အချက်ကို အချက်အလက်စိစစ်ကြည့်ရအောင်ပါ။

Worldmeters.info က စာရင်းအရ ၂၀၂၁ ဇူလိုင် ၂၁ ရက်အထိ ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်-၁၉ ဖြစ်ပွားမှု ၆၅၆၀၇ ယောက်ရှိပြီးတော့ သေဆုံးမှု ၃၃၄ ယောက်ရှိပါတယ်။

ထို့အတူ ကိုဗစ်-၁၉ ကိုကာကွယ်နိုင် ကုသနိုင်တဲ့ ဆေးဘက်ဝင်အရွက်ရည် သို့မဟုတ် လက်ဖက်ရည်ဆိုတာ လက်ရှိအချိန်အထိမရှိသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့ ကိုဗစ်-၁၉ နဲ့ပတ်သက်သော အများပြည်သူ အတွက် အမေးအဖြေကဏ္ဏမှာ ရှင်းလင်းထားတာတွေ့ရပါတယ်။

ထို့အပြင် သံပုရာရည်ဟာ ကိုဗစ်-၁၉ ကိုကာကွယ်နိုင် ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူးလို့ WHO ကထုတ်ပြန်မျှဝေထားပါတယ်။ သို့သော်လည်း ကျန်းမာရေးအထောက်အကူပြုတဲ့ စားသောက်မှုပုံဖြစ်စေဖို့ အတွက် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို လုံလုံလောက်လောက်စားသုံးဖို့ အကြံပြုထားတာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – WHO | Archive link

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့်သေဆုံးမှုမရှိဘူးဆိုတာလည်း မမှန်သလို လက်ဖက်ရည်ထဲကို သံပုရာထည့်သောက်ရင် ကိုဗစ်-၁၉ ပျောက်တယ်ဆိုတဲ့အချက်အလက်ဟာလည်း မှန်ကန်ခြင်းမရှိတာတွေ့ရပါတယ်။

Avatar

Title:ဗီယက်နမ်မှာ လက်ဖက်ရည်ထဲမှာ သံပုရာရည်ထည့်သောက်တဲ့အတွက် ကိုဗစ်ဗိုင်းရပ်စ်နဲ့ သေဆုံးသူမရှိဆိုတဲ့ သတင်းမှား

Fact Check By: Zun Zee

Result: False