Fact Check: ဖုန်းငွေဖြည့်ကတ်တွေမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေပါသလား-မဟုတ်ပါ

False လူမှုရေး

ခဲခြစ် ဖုန်းငွေဖြည့်ကတ်တွေမှာ ငွေရောင် နိုက်ထရိုအောက်စီဂျင်(Silver Nitro Oxygen)ပါဝင်လို့ ကင်ဆာဖြစ်စေ နိုင်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြား ကြိမ်ဖန်များစွာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ ဒီလို ဖုန်းငွေဖြည့်ကတ်မှာ ကင်ဆာဖြစ်စေနိုင်တယ် ဓာတ်ပါဝင်တယ်ဆိုတဲ့ အ‌ထောက်အထား မရှိပါဘူး။ 

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်တယ်။ 

“အမေရိကားက Dr. Brian Berry ဆိုသူဟာ လူသားတွေ မှာ ဖြစ်နိုင်တဲ ကင်ဆာအသစ် တွေ့ရှိထားတယ်လို့ ဆိုပါတယ်။ ဖုန်းငွေဖြည့်ကဒ်တွေက ခဲသားတွေကို လက်သဲနဲ့ မခြစ်ပါနဲ့၊ အဲဒီမှာ အသားအရေကင်ဆာကို ဖြစ်စေနိုင်တဲ့ ဓာတ်တွေ ပါနေလို့ပါ။ တစ်ခုခုနဲ့ ခြစ်ပါ။ ဒါတွေကို သင်ချစ်ခင်တဲ့သူတွေဆီကိုလည်း ဖြန့်ပေးဖို့ သူမှာထားပါသေးတယ်”

ဒီပို့စ်မှာပဲ ဖုန်းလာရင် ဘယ်ဘက်နားကနေပဲ ဖြေဖို့၊ ဆေးသောက်ရင် ရေခဲရေတွေနဲ့ မသောက်ဖို့၊ ညနေ ၅ နာရီ နောက်ပိုင်း များများမစားဖို့၊ ရေကိုမနက်ပိုင်းမှာများများသောက်ပြီး ညပိုင်းလျော့သောက်ဖို့ စတဲ့ ကျန်းမာရေး အကြံပြုချက်တွေလည်းပါဝင်တယ်။ 

တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး ဒီလိုပျံ့နှံ့ခဲ့တဲ့အကြောင်းအရာကို ရှာကြည့်ရာမှာ ပြောဆိုချက်မှာပါတဲ့ ဒေါက်တာ ဘရီယန်ဘယ်ရီ(Brian Berry)ဆိုတဲ့ အမေရိကန် ကင်ဆာဆရာဝန် ပညာရှင်တစ်ဦးကို တွေ့ရပါတယ်။ ဒါပေမဲ့ သူက ဒီလိုမျိုး ဖုန်းငွေဖြည့်ကတ်တွေရဲ့ အန္တရာယ်ကို သတိပေးခဲ့တယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့ရပါဘူး။ ထို့နောက် ကင်ဆာဖြစ်စေတယ်ဆိုတဲ့ ငွေရောင် နိုက်ထရို အောက်စီဂျင်(Silver Nitro Oxygen)အမည်နဲ့ ဒြပ်‌ပေါင်းကို အွန်လိုင်းမှာ ရှာဖွေရာမှာ ဒီလိုနာမည်နဲ့ ဒြပ်ပေါင်းရှိတယ်ဆိုတဲ့ အထောက် အထား မတွေ့ရှိပါဘူး။ ထို့အတူ အမေရိကန် ပတ်ဝန်းကျင် ကျန်းမာရေး သိပ္ပံ၊ အဆိပ်အတောက် ဝတ္ထုများစီမံကိန်းက စုစည်း‌ဖော်ပြသမျှ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းအမျိုးအမည်တွေမှာလည်း ဒီနာမည်ကို ရှာမတွေ့ပါဘူး။ 

ထို့အပြင် အခုလိုမျိုး ဖုန်းငွေဖြည့်ကတ်တွေက ခဲခြစ်စတစ်ကာလေးတွေကို လက်နဲ့ ခြစ်ရင် အရေအပြားကင်ဆာ ဖြစ်တယ်ဆိုတာ မဟုတ်ကြောင်း ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက အချက်အလက်စိစစ်တဲ့ အဖွဲ့အစည်း အချို့က အချက်အလက်စိစစ်ဖူးပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။ ထို့အပြင် မိုဘိုင်းဖုန်း ငွေဖြည့်ကတ် တွေက ခဲပတ်တွေမှာ အသုံးပြုတဲ့ ပစ္စည်းဟာ ခြစ်လို့ရတဲ့ မှင်အမျိုးအစားသာဖြစ်တယ်။

ဒီပို့စ်မှာပါတဲ့အခြားသောအကြောင်းအရာတွေဖြစ်တဲ့ ဖုန်းကို ဘယ်ဘက်နားက ဖြေရှင် ပိုကောင်းတယ်၊ ရေကိုမနက်ပိုင်းများများသောက်ပြီး ညနေပိုင်း လျော့ သောက်တာ ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုတဲ့ အချက်အလက်ဟာလည်း တိကျခိုင်မာတဲ့ သုတေသန ဆန်းစစ်လေ့လာထားချက်မရှိပါဘူး။ အချက်အလက်စိစစ် ထားတာကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။ 

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ မိုဘိုင်းဖုန်းငွေဖြည့်ကတ် ခဲပတ်တွေဟာ ကင်ဆာဖြစ်စေ  အထောက်အထား မရှိပါဘူး။ အခြားဘာသာစကားအသုံးပြုသူတွေအကြားမှာလည်း နှစ်ပေါင်းအတန်အကြာ ပျံ့နှံ့နေခဲ့တဲ့ ဒီပြောဆိုချက်ကို အချက်အလက်စိစစ်တဲ့အဖွဲ့အစည်းအချို့က မှန်ကန်မှုမဖြစ်ကြောင်း အချက်အလက်စိစစ်ခဲ့ပြီး လည်းဖြစ်ပါတယ်။ 

ပြောဆိုချက်- ဖုန်းငွေဖြည့်ကတ်ပါ ခဲခြစ်တွေက Silver Nitro Oxygen ပါလို့ ကင်ဆာဖြစ်စေ

Avatar

Title:Fact Check: ဖုန်းငွေဖြည့်ကတ်တွေမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေပါသလား-မဟုတ်ပါ

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *