Fact Check: မြေနီကုန်းမှတ်တိုင်မှာ YBS ၂၁ ကားဗုံးပေါက်ကွဲပြီး ပြည်သူ ၅၀ ကျော် သေဆုံးတဲ့ သတင်းတု

နိုင်ငံရေး | Politics

မြေနီကုန်းမှတ်တိုင်မှာ YBS ယာဉ်လိုင်းအမှတ် ၂၁ ကားဗုံးပေါက်ကွဲပြီး ပြည်သူ ၅၀ ကျော် သေဆုံးတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့ မှာဖြန့်ဝေထားတာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ YBS ၂၁ ယာဉ်လိုင်းက  ယာဉ်တစီး မြေနီကုန်းမှတ်တိုင်မှာ မီးလောင်မှုသတင်းကို ခေါင်းတုတပ်ထားခြင်းဖြစ်တယ်။

အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ 

မူရင်းလင်ခ့် – Youtube link  | Archive link

အချက်အလက်စိစစ်ချက်

Share Local Media အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့ပြီး ရေပန်းစားခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တု သို့မဟုတ် နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်မှားတွေတပ်ပြီး ပြန်လည်ဖြန့်ဝေလေ့ရှိတာတွေ့ရပါတယ်။ အခုလည်း မြေနီကုန်းမှတ်တိုင်မှာ YBS ၂၁ ယာဉ်လိုင်း ယာဉ်တစီး ကားဗုံးပေါက်ကွဲပြီး ပြည်သူ ၅၀ ကျော် သေဆုံးတယ်လို့ ခေါင်းစဉ်တပ်ထားပေမဲ့ ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား သတင်းတွေကို အဓိကဖော်ပြထားပြီး ၄ မိနစ် ၁၇ စက္ကန့်မှာ မြေနီကုန်းမှတ်တိုင်မှာ YBS ၂၁ ယာဉ်လိုင်း ယာဉ်တစီး ကားမီးလောင်တဲ့ သတင်းကို ဖော်ပြချက်သာပါဝင်ပါတယ်။ ဒီသတင်းတပုဒ်လုံးမှာလည်း လူသေဆုံးမှုအကြောင်း၊ ဗုံးပေါက်ကွဲမှုအကြောင်း မပါဝင်ပါဘူး။ 

အခြားသော သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာလည်း ဒီလို YBS 21 ယာဉ်မီးလောင်မှု သတင်းကိုဖော်ပြပေမဲ့ ယာဉ်ပေါ် ဗုံးပေါက်တယ်လို့ မပါရှိသလို လူထိခိုက်သေဆုံးမှု မရှိကြောင်းသာ သတင်းဖော်ပြပါတယ်။ သတင်းမီဒီယာတွေက သတင်းဖော်ပြချက်တွေကို ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။ Eleven Media Group ကသတင်းဖော်ပြချက်မှာ ဝါယာရှော့ကနေ တဆင့်မီးလောင်မှုဖြစ်တယ်လို့ ကနဦးသတင်းအရ သိရတယ်လို့ဖော်ပြပါတယ်။

https://www.facebook.com/elevenbroadcasting/videos/222440007440860

သုံးသပ်ချက်

မြေနီကုန်းမှတ်တိုင်မှာ YBS ၂၁ ယာဉ်လိုင်း ယာဉ်တစီး မီးလောင်မှုကို ကားပေါ်ဗုံးပေါက်ကွဲပြီး ပြည်သူ ၅၀ ကျော် သေဆုံးတယ်လို့ ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်လွဲတပ်ပြီး လူစိတ်ဝင်စားမှုရ ဆောင်ရွက်ချက်သာဖြစ်ပြီး ဗုံးပေါက်ကွဲခြင်းမရှိသလို လူထိခိုက်သေဆုံးခြင်းလည်းမရှိပါဘူး။

Avatar

Title:Fact Check: မြေနီကုန်းမှတ်တိုင်မှာ YBS ၂၁ ကားဗုံးပေါက်ကွဲပြီး ပြည်သူ ၅၀ ကျော် သေဆုံးတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *