Fact Check: ပြင်ဦးလွင်နဲ့ လားရှိုးမှာ စစ်ကောင်စီတပ်သားတွေ လက်နက်ချလိုက်ပြီ ဆိုတဲ့ သတင်းတု

နိုင်ငံရေး၊

ပြင်ဦးလွင်နဲ့ လားရှိုးမှာ စစ်ကောင်စီတပ်သားတွေ လက်နက်ချလိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတုသတင်းမှားဖြစ်တယ်။

အောက်ပါစာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။ ၄ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှု့မှု အကြိမ်ပေါင်း ၆၀၀၀၀ ကျော်ရှိပါတယ်။

“ဇန်နဝါရီလ(၁)ရက်နေ့ သတင်းထူး!! ပြင်ဦးလွင်နဲ့လားရှို့းမှာ လက်နက်ချလိုက်ပြီ”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုတွေ ဖြန့်ဝေနေတဲ့ Latest News အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့ကဖော်ပြခဲ့တဲ့ သတင်းအချို့ကို ခေါင်းစဉ်တုတပ် သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်လွဲတပ်ပြီး ဖြန့်ချိလေ့ရှိပါတယ်။ 

အခုလည်း ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်မှာ “ပြင်ဦးလွင်နဲ့ လားရှိုးမှာ လက်နက်ချလိုက်ပြီ”လို့ရေးသားပြီး ဗွီဒီယိုကို ဖြန့်ချိထားပေမယ့် တကယ်တမ်း ဗွီဒီယိုပါ သတင်းအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ် သတင်းဌာနက ဖော်ပြခဲ့တဲ့ “ပြင်ဦးလွင်နှင့်လားရှိုးတွင် တော်လှန်ရေးတပ်များ လာရောက်တိုက်ခိုက် မည် ဆိုသည့် သတင်းကြောင့် တပ်မိသားစုဝင်များ စိုးရိမ် ထိတ်လန့်နေပြီး စစ်ကောင် စီက တပ်ပြင်ပထွက်ခွင့် ပိတ်ပင်ထား”ဆိုတဲ့ သတင်းကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ မူလသတင်းအပြည့်အစုံကို အောက်ပါလင့်ခ်မှာဖတ်ပါ။

မူရင်းလင်ခ့် – Khit Thit Media | Archive link

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ်သတင်းတပုဒ်ကလည်း ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းပဲဖြစ်ပြီး “စစ်တပ်တွင် တပ်ပြေးများနှင့် အညံ့ခံ လက်နက်ချသူများ များပြားလာ သည့် အတွက် မင်းအောင်လှိုင်က စစ်သားများကို လစာအပြင် သက်စွန့်စရိတ် ၁ သိန်း တိုးပြီး မက်လုံးပေး ဆွဲဆောင်ပြန်” ဆိုတဲ့ သတင်းကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ အခြားသော သတင်းတပုဒ်ကတော့ လွတ်လပ်တဲ့ အာရှအသံမြန်မာပိုင်းကဖော်ပြခဲ့တဲ့ စစ်ကောင်စီက ပြည်သူ့စစ်တွေထပ်မံဖွဲ့စည်းမယ့်သတင်းကို ဖော်ပြနေခြင်းဖြစ်တယ်။

သုံးသပ်ချက်

သတင်းမီဒီယာအချို့ကဖော်ပြခဲ့တဲ့ သတင်းတွေကို ကူးယူပြီး ခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချီနေခြင်းဖြစ် တယ်။ ပြင်ဦးလွင်နဲ့ လားရှိုးကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်နိုင်ခြေရှိလို့ စစ်တပ်မိသားစုဝင်တွေ စိုးရိမ်နေချိန်မှာ စစ်ခေါင်းဆောင်တွေက မိသားစုဝင်တွေကိုပါ တပ်ပြင်ထွက်ခွင့်ပိတ်ပင်လိုက်တဲ့ သတင်းကို လက်နက်ချလိုက်ပြီလို့ လုပ်ကြံရေးသားထားခြင်းဖြစ်တယ်။

Avatar

Title:Fact Check: ပြင်ဦးလွင်နဲ့ လားရှိုးမှာ စစ်ကောင်စီတပ်သားတွေ လက်နက်ချလိုက်ပြီ ဆိုတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *