သူ့ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ဇွန် ၁၉ ရက်မှာ ပျံ့နှံ့မှု ပြန်လည်အားကောင်းခဲ့တာ တွေ့ရတယ်။ သတင်းတုဖြန့်ချိနေ ခြင်းဖြစ်တယ်။
ဒီလိုပြောဆိုချက်တွေပါဝင်ပြီး တစ်တော့မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုတခုရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း မျှဝေထားတယ်။
“ဒေါ်အာင်ဆန်းစုကြည်ကို ပြန်လွတ်ပေးကြောင်း သတင်း တွေ ထွက်ပေါ်
ခြံအမှတ် (၅၄)ကို ပို့ဆောင်ပေးကြောင်း MRTV ကနေ ကြေညာ ၊ ပြည်သူသိန်းချီ ကြိုဆိုနေကြပြီ”

အချက်အလက်စိစစ်ချက်
ပထမဆုံး “Khit Thit Media”အမည်နဲ့ ဒီတစ်တော့အကောင့်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ အမည်နာမနဲ့ အမှတ်တံဆိပ်တို့ကို တုပထားတဲ့ နေရာတခုဖြစ်တာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတဲ့ သတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ် သတင်းဌာနအပါအဝင် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကျတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက် မတွေ့ရပါဘူး။
ထပ်မံပြီး သတင်းဖော်ပြချက်ကို လေ့လာကြည့်ရအောင်ပါ။ ဇွန်လ ၁၉ ရက် မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ဖြစ်တဲ့ ခြံအမှတ် ၅၄ သို့ ပြောင်းရွှေ့ပေးခဲ့တယ်လို့ MRTV မှ ကြေညာခဲ့တယ်လို့ ဆိုထားပြီး ရန်ကုန်မြို့ခံအချို့က ကြိုဆိုမှုများရှိခဲ့တယ်လို့ ဆိုထားပါတယ်။ စစ်တပ်ထိန်း ချုပ်ထားတဲ့ MRTV မှာလည်းဖော်ပြချက်မရှိသလို ရန်ကုန်က ခြံအမှတ် ၅၄ မှာ ရန်ကုန်မြို့ခံ တချို့က သွားရောက်ကြိုဆိုခဲ့တယ်ဆိုခဲ့တဲ့အထောက်အထားလည်းမရှိပါဘူး။ ဒီသတင်းနဲ့ ဆန့်ကျင်စွာပဲ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို စစ်အစိုးရက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားပြီး ရှင်သလား သေသလားတောင် မသိရလို့ သားဖြစ်သူကိုထိန်လင်းက တွေ့ခွင့်ရဖို့ ဆက်တိုက်တောင်းဆိုနေပါတယ်။

သုံးသပ်ချက်
ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတယ်ဆိုတာ ယုံကြည်ရလောက်တဲ့ သတင်းအရင်း အမြစ်တွေမှာ ဖော်ချက်မရှိပါ။ အခုလို ပြောဆိုချက်ပါ ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ ယူကျူ့နဲ့ တစ်တော့ အကောင့်တွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာန အမည်နဲ့ အမှတ်တံဆိပ်ကို တုပထားတဲ့ အတုအယောင်တွေက သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

