Fact Check: တော်လှန်ရေးတပ်ဖွဲ့ ၅၀၀၀ နဲ့ ရန်ကုန်ကို ဝိုင်းထားလို့ လုံးဝအပြင်မထွက်ဖို့ တိုက်တွန်းတဲ့ သတင်းမှား

False နိုင်ငံရေး | Politics

တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀၀၀ နဲ့ ရန်ကုန်မြို့ကို ဝိုင်းထားပြီးဖြစ်တာကြောင့် ဥဩဆွဲသံနေ ဆူညံနေပြီး လုံးဝအပြင်မထွက်ကြဖို့ သတိပေးတယ်လို့ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဇန်နဝါရီ ၁၅ ရက်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတုသတင်းမှားဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကရယူထားတဲ့ စခရင်ရှော့နဲ့ စာသားကို အောက်မှာကြည့်ပါ။ 

“(၁၅)ရက်နေ့ မအလ ရှုံးမဲမဲဖြစ်ပြီး ရန်ကုန်မြို့အရေးပေါ်ပြီဟေ့ တော်လှန်ရေးတပ်ဖွဲ့(၅)ထောင်နဲ့ တမြို့လုံးဝိုင်းထားကြပြီ လုံးဝအပြင်မထွက်ကြပါနဲ့/ ဥဩဆွဲသံ ဆူညံကုန်ပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ သတင်းတုတွေ ဖြန့်ချိနေခြင်းဖြစ်တယ်။  ၆ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာလည်း ဒီလို ရန်ကုန်ကို တော်လှန်ရေးအင်အားစုတွေ ဝိုင်းထားပြီဆိုတဲ့အကြောင်းမပါဝင်ပါဘူး။

တကယ်တမ်း ဗွီဒီယိုပါအကြောင်းအရာဟာ လူထုနွေဦးသတင်းဌာနပါ “ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာအ‌ခြေစိုက် ခလရ ၁၂၃ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဇန်နဝါရီ ၁၄ ညက ထိုးစစ်ဆင်တိုက်ခိုက်နေ”၊ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုရာရှင် (ခ)ဟာရှင် ရိုက်နှက်နှိပ်စက်ခံခဲ့ရသည့် အတွင်းကြေဒဏ်ရာများဖြင့် သေဆုံး”၊ “ပြင်ဦးလွင် သသနတပ်တွင် အမျိုးသမီး မှန်သမျှ စစ်သင်တန်း မဖြစ်မနေ တက်ခိုင်း၊ သင်တန်းမတက်လျှင် လိုင်းခန်း ပြန်သိမ်းမည်ဟုဆို”၊ “မုန်းမြို့တိုက်ပွဲတွင် လက်နက်ချ အညံ့ခံခဲ့သည့် စစ်ကောင်စီတပ်သား ၁၉ ဦးနှင့်မိသားစုဝင် ၄၂ ဦး ကို KNU က ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်ထား” စတဲ့သတင်းတွေပါဝင်တယ်။

ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ် သတင်းဌာနက သတင်းကြေညာသူတဦးရဲ့ ဓာတ်ပုံကိုယူသုံးထားပါတယ်။ သို့ပေမဲ့ ဒီလိုမျိုး ရန်ကုန်ကို တော်လှန်ရေး အင်အားစု ၅၀၀၀ ဝိုင်းထားပြီး အပြင်မထွက်ဖို့ သတိပေးတဲ့ အကြောင်း ဖော်ပြချက် ရန်ကုန်ခေတ်သစ်သတင်းဌာနအနေနဲ့‌ ဖော်ပြချက်မရှိပါဘူး။

သုံးသပ်ချက်

ရန်ကုန်ခေတ်သစ်သတင်းဌာနနဲ့ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖတ်ကြားပြီး ဗွီဒီယိုအစမှာပြသတဲ့ ရုတ်ကတ်(thumbnail)မှာ သတင်းခေါင်းစဉ်ကို လိုအပ်သလို လုပ်ကြံရေး သားထားခြင်းဖြစ်တယ်။ ရန်ကုန်မြို့နဲ့ သိပ်မဝေးလှတဲ့ နေရာအချို့မှာ တိုက်ပွဲတချို့ရှိနေပေမဲ့ မြို့ကို တော်လှန်ရေးအင်အားစုတွေ ဝိုင်းထားပြီဖြစ်လို့ အပြင်မထွက်ဖို့ သတိပေးနေတယ်ဆိုတာတော့ မဟုတ်ပါဘူး။

ပြောဆိုချက်- တော်လှန်ရေးတပ်ဖွဲ့ ၅၀၀၀ နဲ့ ရန်ကုန်ကို ဝိုင်းထားလို့ လုံးဝအပြင်မထွက်ဖို့ တိုက်တွန်း

Avatar

Title:Fact Check: တော်လှန်ရေးတပ်ဖွဲ့ ၅၀၀၀ နဲ့ ရန်ကုန်ကို ဝိုင်းထားလို့ လုံးဝအပြင်မထွက်ဖို့ တိုက်တွန်းတဲ့ သတင်းမှား

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *