Fact Check: ဧပြီလမှာ စစ်ခေါင်းဆောင်အနားယူမယ်ဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ဧပြီလထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူတော့မယ်လို့ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို တခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု သတင်းမှား ဖြန့်ချိမှုသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၀ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ၅ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၃ သိန်းခွဲရှိထားပါတယ်။

“ကမ္ဘာကပါ လန့်သွားရတဲ့ မင်းအောင်လှိုင်ရဲ့ ကြေငြာချက်ကြီး ၄လပိုင်းမှာ ပင်စင်ယူတော့မယ်” (မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေမှာ ဒီလိုရေးသားဖော်ပြချက်မတွေ့ရပါဘူး။ 

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့  Naypudaw Khit Thit Radio ကိုလေ့လာကြည့်ရာမှာ လူမှုကွန်ယက်မှာ အထူးသဖြင့် ဖေ့စ်ဘွတ်အသုံးပြုသူတွေရေးသားတဲ့ အတွေးအမြင်ပို့စ်တွေ သို့မဟုတ် သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး ခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုတွေ ဖြန့်ချိတာတွေလုပ်လေ့ရှိ ပါတယ်။ အခုလည်း  ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူတော့မယ်လို့ရေးသားဖော်ပြထားပေမဲ့ တကယ်တမ်း ဗွီဒီယိုပါ အကြောင်း အရာဟာ ဖေ့စ်ဘွတ်အသုံးပြုသူတယောက်ရေးသားတဲ့ “#ဂျင်းတွေကိုငြင်းဆန်ဖို့အသင့်ပြင်ပါ”ဆိုတဲ့ အတွေးအမြင်ပို့စ် တခုကို ပြန်လည်ဖော်ပြနေ ခြင်းဖြစ်တယ်။ ဒီမှာကြည့်ပါ။ ဒီအတွေးအမြင်ပို့စ်ထဲမှာ စစ်တပ်ဟာ သွေးခွဲတဲ့ နည်းလမ်းတွေ၊ ကောလာဟလနည်းလမ်းတွေကို အသုံးပြုပြီး ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ဆောင်လေ့ ရှိကြောင်း၊  အခုလည်း လုံခြုံရေးထူထူထပ်ထပ် ချထားပြီး အပြင်လူဝင်လို့မရတဲ့ စစ်တပ်ခန့် ယာယီသမ္မတ ဦးမြင့်ဆွေဟာ ဆေးမသောက်တော့ဘူးဆိုပြီး ဖွလာတာဟာ သာမန်ကိစ္စမဟုတ်ကြောင်းနဲ့ အရင် NLD အစိုးရလက်ထက် ဒုတိယသမ္မတနဲ့ လက်ရှိလည်း စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ ချင်းလူမျိုး ဦးဟင်နရီဗန်ထီးယူ ကို သမ္မတအဖြစ်တင်မြှောက်ပြီး အချင်းချင်းသွေးကွဲအောင်လုပ်လာဖို့ရှိကြောင်း စသည်ဖြင့်ရေးသားထားပါတယ်။

စစ်ခေါင်းဆောင် အနားယူတော့မယ်နဲ့ သူတို့အချင်းချင်းပြန်အာဏာသိမ်းပြီဆိုတဲ့ ကောလာဟလ သို့မဟုတ် သတင်းခေါင်းစဉ်တုတွေဟာ မကြာခဏဖြန့်ဝေနေတဲ့ သတင်းမှားလည်းဖြစ်ပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

သုံးသပ်ချက်

ဧပြီလထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူတော့မယ်လို့ကြေညာလိုက်တယ်ဆိုတာ မဟုတ်ပါဘူး။ စစ်တပ်က ပြည်သူတွေအကြားသွေးကွဲစေဖို့ NLD အစိုးရလက်ထက် ဒုတိယသမ္မတလည်းဖြစ် လက်ရှိစစ်တပ်နဲ့လည်း ပလဲနံပသင့်တဲ့ ဦးဟင်နရီဗန်ထီးယူကို စစ်တပ်ခန့် သမ္မတဦးမြင့်ဆွေနေရာမှာ အစားထိုးလာနိုင်တယ်ဆိုတဲ့ လူမှုကွန်ယက်အသုံးပြုသူတဦးရေးသားတဲ့ အတွေးအမြင်ကို ပြန်လည်မျှဝေပြီး ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။

ပြောဆိုချက်- ဧပြီလထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူတော့မယ်လို့ကြေညာ

Avatar

Title:Fact Check: ဧပြီလမှာ စစ်ခေါင်းဆောင်အနားယူမယ်ဆိုတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *