
ဗဟိုဘဏ်ဥက္ကဌဖမ်းဆီးခံရပြီး ဘဏ်မှငွေထုတ်ယူခွင့်ပိတ်ပင်ကာ ငွေမည်းအဖြစ်ကြေညာမယ်ဆိုတဲ့ နားလည်မှု လွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။
အောက်ပါစာသားနဲ့စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။
“ဗဟိုဘဏ်ဥက္ကဌ ဆွဲစိခံရ
ပြည်သူများကိုဘဏ်မှငွေကြေးထုတ်ယူခွင့်ပိတ်ပင်ပြီ
ငွေစက္ကူများကို ငွေမဲအဖြစ်စတင်ကြေငြာမည်”(မူရင်းအရေးအသား)
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုဗွီဒီယိုကို ဖြန့်ချိ ထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိလေ့ရှိတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်မှုတွေကို ဒီလင့်ခ်မှာကြည့်ပါ။
တကယ်တမ်း ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဇူလိုင် ၄ ရက်မှာဖော်ပြခဲ့တဲ့ “ပုဂ္ဂလိကဘဏ်များတွင် အများပြည်သူများ၏ ငွေထုတ်ယူခွင့်ကို ကန့်သတ်မှုများဖြစ်ပေါ်နေပြီး Special ဘဏ်အကောင့်ကိုပင် ငွေကျပ် သိန်း ၂၀ မှ သိန်း ၅၀ အထိသာ ထုတ်ပေးတော့”ဆိုတဲ့ သတင်းနဲ့ တခြား သတင်းတွေကို ပြန်လည်မျှဝေထားခြင်းဖြစ်တယ်။
ဒီလိုပဲ ဗဟိုဘဏ်ဥက္ကဌကို စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းတု ဗွီဒီယို ဇွန် ၂၉ ရက်မှာ ပျံ့နှံ့ခဲ့ပြီးသေးပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာကြည့်ပါ။
သုံးသပ်ချက်
ဘဏ်တွေက ငွေထုတ်ယူခွင့်ကန့်သတ်လိုက်တာမှန်ပေမဲ့ စစ်တပ်ခန့် ဗဟိုဘဏ်ဥက္ကဌဖမ်းဆီးခံရမှုအပါအဝင် ငွေမည်းကြေညာမယ်ဆိုတဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေကဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို ပြန်လည်ကူးယူဖော်ပြပြီး နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့်ချိ လေ့ရှိတယ်။

Title:Fact Check: ဗဟိုဘဏ်ဥက္ကဌဖမ်းဆီးခံရပြီး ဘဏ်မှငွေထုတ်ယူခွင့်ပိတ်ပင်ကာ ငွေမည်းအဖြစ်ကြေညာဆိုတဲ့ သတင်းတု
Written By: နေရာမောင်Result: Misleading