
TNLA ကိုအပစ်ရပ်ဖို့ မပြောဘူးလို့ တရုတ်ငြင်းဆိုပြီး မြန်မာပြည်သူတွေ ကို တောင်းပန်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု တခုသာဖြစ်တယ်။
“မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်း နေတဲ့ ပို့စ်ပါစာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၂ ဒဿမ ၃ သိန်းကျော်ရရှိထားတယ်။
“မြန်မာပြည်သူကို တရုတ်တောင်းပန်ပြီ
TNLA ကို အပစ်ရပ်ဖို့ တရုတ်က မပြောခဲ့ဘူးလို့ အတိအလင်း ကြေညာလိုက်ပြီ/ ဘောမတွေငိုလို့ရပြီ”
( မူရင်းအရေးအသား)
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါ။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “မန္တေလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံ သတင်း ခေါင်းစဉ်တုတွေတပ်ပြီး ဆက်တိုက်ဖြန့်ဝေနေတာတွေ့ရပါတယ်။ တကယ်တမ်း ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားနေရတဲ့ အကြောင်းအရာတွေဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေနဲ့ အတွေး အမြင်ဆောင်းပါးတွေကို ပြန်လည်ကူးယူဖော်ပြနေခြင်းဖြစ်တာတွေ့ရတယ်။
Also Read – Fact Check: မြန်မာပြည်တွင်းရေး မစွက်ဖက်ဖို့ တရုတ်ကို အမေရိကန် သမ္မတ ပြင်းပြင်း ထန်ထန်သတိပေးဆိုတဲ့ သတင်းတု
အခုလည်း ဗွီဒီယိုထဲမှာဖော်ပြထားတဲ့အကြောင်းအရာဟာ မဲခေါင်သတင်းဌာနက တရုတ်နယ်စပ်မှာအခြေစိုက်တဲ့ လက်နက်ကိုင်တွေရဲ့ နိုင်ငံရေးဆွေးနွေးမှုအစုအဖွဲ့ဖြစ်တဲ့ FPNCC ကို ကိုးကားဖော်ပြခဲ့တဲ့ “TNLA ထံ တရုတ်ဘက်ကပေးတယ်ဆိုတဲ့ ခြိမ်းခြောက်စာဟာ အတုသာဖြစ်”ဆိုတဲ့ သတင်းကိုပြန်လည်ဖော်ပြနေခြင်းဖြစ် တယ်။ အခုထွက်ပေါ်လာတဲ့စာဟာ အတုလို့ဆိုပေမဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ တရုတ်က TNLA ကို ပြောဆို သတိပေးတာတွေမျိုးရှိပြီး အခုလို အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ စာကိစ္စနဲ့ ပတ်သက်လို့ AFP သတင်းဌာနရဲ့ မေးမြန်းမှုကို မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးကတော့ ဟုတ်၊ မဟုတ် ယတိပြတ်ဖြေကြားတာမရှိကြောင်းလည်း ဒီသတင်းမှာဖော်ပြပါတယ်။
Also Read – Fact Check: ဒီဗွီဒီယိုက ကနဲလေးရွာအနီးကမြန်မာစစ်သားတွေပြန်လည်မြှုပ်နှံမှု ဖြစ်တယ်
၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီယိုမှာ နောက်ထပ် “အပြည့်အဝ မထိန်းချုပ်နိုင် သေးတဲ့ ကရင်နီပြည်မှာ သန်းခေါင်စာရင်း ကောက်ယူမယ်လို့ စစ်ကောင်စီ ကြွားလုံးထုတ်”၊ မဇ္ဈိမသတင်းဌာနက ဖော်ပြခဲ့တဲ့ “အင်ဖာထောင်၌ အစာငတ်ခံဆန္ဒပြနေသည့် မြန်မာနိုင်ငံသားများ ဆန္ဒပြမှုယာယီရပ်ဆိုင်း”၊ “နွားထိုးကြီးတွင် ဘုန်းတော်ကြီးကျောင်းကို လေကြောင်းမှတိုက်ခိုက်၍ အရပ်သားများ ထိခိုက်ဒဏ်ရာရ”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။
သုံးသပ်ချက်
TNLA ကိုအပစ်ရပ်ဖို့ မပြောဘူးလို့ တရုတ်ငြင်းဆိုပြီး မြန်မာပြည်သူတွေ ကို တောင်းပန်တယ်ဆိုတာ မဟုတ်ပါဘူး။ “မန္တေလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံ သတင်း ခေါင်းစဉ်တုတွေတပ်ပြီး ဖြန့်ချိလေ့ရှိတယ်။
ပြောဆိုချက်- TNLA ကိုအပစ်ရပ်ဖို့ မပြောဘူးလို့ တရုတ်ငြင်းဆိုပြီး မြန်မာပြည်သူတွေ ကို တောင်းပန်

Title:Fact Check: TNLA ကိုအပစ်ရပ်ဖို့ မပြောဘူးလို့ တရုတ်ငြင်းဆိုပြီး မြန်မာပြည်သူတွေ ကို တောင်းပန်လိုက်သလား- မဟုတ်ပါ
Fact Check By: နေရာမောင်Result: False