Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သမ္မတဟောင်းဦးသိန်းစိန် ပြောတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သမ္မတဟောင်းဦးသိန်းစိန်က ပြောဆိုလိုက်ပြီး စစ်တပ်ကိုလည်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်မှာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု ဖြန့်ချိ နေခြင်း သာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုတွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။ 

“ဖမ်းရဲရင် လွှတ်ပေးရဲ ရမည်ဟု ဦးသိန်းစိန် ဝေဖန်

ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးရန်သတိပေး

ပြုပြင်ပြောင်းလဲရန် အချိန်လွန်နေပြီဟု ဦးသိန်းစိန်ဝေဖန် ကြောက်စိတ်များနေသူများဟု စစ်တပ်ကို ပြင်းထန်သတိပေး”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုအစပြသတဲ့ ရုပ်ကတ်မှာ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပြောဆိုတယ်လို့ ဆိုထားသလို “နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ရှေးရှုပြီး ဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ သမ္မတဟောင်း ဦးသိန်းစိန်က တိုက်တွန်းလာကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။”စသည်ဖြင့် ဗွီဒီယိုထဲမှာအသံဖိုင်နဲ့ ဖတ်ကြားမှုမှာလည်း ပါဝင်ပါတယ်။ 

 ဒါပေမဲ့ ဒီလိုပြောဆို ဖြန့်ဝေထားတဲ့ “Khit Thit Media”ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်ကို တုပထားပြီး သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည် ကူးယူ‌ဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ်ပြီး ဖြန့်ဝေတာ၊ လုပ်ကြံရေးသား ပြောဆိုချက်တွေ ဖြန့်ဝေတာတွေ ပြုလုပ်တဲ့ ချန်နယ် တခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar မှာ အချက်အလက်စိစစ်ချက် မကြာခဏ ဖော်ပြခဲ့ပြီးဖြစ်တယ်။ 

အခုလည်း ဗွီဒီယိုထဲနဲ့ ဗွီဒီယိုစအမှာ ဖော်ပြထားသလို သမ္မတဟောင်းဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တိုက်တွန်းတယ်ဆိုတဲ့ ပြောဆိုချက်ကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ ဖော်ပြချက် မတွေ့ရပါဘူး။  

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ်ဖော်ပြထားတာကတော့ သမ္မတတဖြစ်လဲ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်က တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုက မြို့နယ်ပေါင်း ၅၀ ကျော်ကို ရက်ပေါင်း ၉၀ ကြာ အရေးပေါ်အခြေအနေအဖြစ် ဧပြီလ ၂၃ ရက်နေ့မှာ ကြေညာမှု၊ AA ရဲ့ ထိုးစစ်တွေကြောင့် စစ်ရေးရှုံးနိမ့်မှုတွေ ကြုံတွေ့နေရတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦး ကို ရာထူးကနေ ဖယ်ရှားစတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သမ္မတဟောင်းဦးသိန်းစိန်က ပြောဆိုတဲ့အထောက်အထားမရှိချိန်မှာ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတဲ့နေရာတွေဖြစ်တာတွေ့ရပါတယ်။

Result Stamp

Title: Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သမ္မတဟောင်းဦးသိန်းစိန် ပြောတဲ့ သတင်းတု

Written By: နေရာမောင်

Result: False