တရုတ်ဝမ်ပေါင် ကုမ္ပဏီကို PDF တွေသိမ်းပိုက်လိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့နေတာတွေ့ရတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“တရုတ်ဝမ်ပေါင် ကုမ္ပဏီ PDF လက်ထဲရောက်ပြီ ကုမ္ပဏီကို အကုန်မီးရှို့၊ တရုတ်ကြီး ဒေါသထွက်နေ တရုတ်ဝမ်ပေါင် ကုမ္ပဏီ စကစ အကျဆုံးများနေလို့ လက်လွှတ် လိုက်ရ၊ ကုမ္ပဏီ ကို PDFတပ်တွေ အကုန် မီးရှို့ဖျက်ဆီး”

အချက်အလက်စိစစ်ချက်
ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေပြီး အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က ဝမ်ပေါင်ကုမ္ပဏီကို PDF တွေက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဆိုတဲ့ အထောက်အထား တစုံတရာ မတွေ့ရပါဘူး။
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုံးဝလုပ်ကြံရေးသားဖြန့်ဝေမှုတွေ ဒါမှမဟုတ် သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည်ဖော်ပြပြီး သတင်းခေါင်းစဉ်တုဖြန့်ချိတာ ပြုလုပ်တဲ့နေရာဖြစ်တယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်ဓာတ်ပုံ စာသားမှာ ဝမ်ပေါင်ကုမ္ပဏီကို PDF တွေက တိုက်ခိုက် သိမ်းပိုက်လိုက်မှုဆိုပြီးတော့ ခေါင်းစဉ်တပ်ဖော်ပြထားပေမဲ့ တကယ်တမ်း ဗွီဒီယိုထဲမှာ ဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ သတင်းတစုံတရာဖော်ပြချက်မရှိပါဘူး။
၇ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ ဖော်ပြထားတာတွေကတော့ “လားရှိုးမြို့ရှိ စစ်ကောင်စီရဲ့ ခမရ (၄၁) တပ်ရင်းဝင်းအတွင်း ဧပြီလ ၂၂ ရက် နေ့လယ် ၂ နာရီကျော်မှာ ပေါက်ကွဲမှု”၊ “ဆိပ်ဖြူမြို့နယ်ရှိ အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၂) ကနေ စစ်ကောင်စီစစ်ကြောင်း ထွက်လာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက ပုသိမ်-မုံရွာလမ်းနဲ့ ဆိပ်ဖြူ-ပေါက်လမ်းပိုင်းတွေကို ဧပြီလ ၂၂ ရက်နေ့ကစပြီး ယာယီပိတ်ထား”၊ “တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအနီးမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၃ ရွာက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရ”၊ “မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စစ်ကုန်းရွာကို စစ်ကောင်စီတပ်က ဧပြီလ ၁၉ ရက်နေ့မှာ ဝင်ရောက်စီးနင်းပြီး ဒေသခံ ၂ ဦးကို ရိုက်နှက်ဖမ်းဆီးသွား”စတဲ့သတင်းတွေကို ပြန်လည်ဖော်ပြ ထားတယ်။
သုံးသပ်ချက်
“Khit Thit Thadin”ယူကျူ့ချန်နယ်ဟာ လုံးဝလုပ်ကြံရေးသားဖြန့်ဝေမှုတွေ ဒါမှမဟုတ် သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည်ဖော်ပြပြီး သတင်းခေါင်းစဉ်တုဖြန့်ချိတာ ပြုလုပ်တဲ့နေရာဖြစ်တယ်။ အခုလည်း စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က ဝမ်ပေါင်ကုမ္ပဏီကို PDF တွေက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဆိုတာ သတင်းတုသာဖြစ်ပြီး ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။

