Fact Check: အခါးကို ၆ နာရီအတွင်း ၂ ကြိမ်စားမိရင် သွေးတိုးပြီး သေဆုံးနိုင်သလား- အထောက်အထားမရှိပါ

ကျန်းမာရေး၊ | Health

ခါးတဲ့အရသာ ၂ မျိုးကို ၆ နာရီအတွင်း ၂ ကြိမ်စားမိရင် သွေးတိုးပြီး သေဆုံးနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုဖြစ်တာတွေ့ရပါတယ်။ အစားအသောက် ၂ ခုကို အတူတွဲ စားသောက်မိလို့ သေဆုံးနိုင်တယ်ဆိုတာဟာလည်း ယုံတမ်းစကားတခုသာဖြစ်ပါတယ်။ 

ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဇင်ဘာ ၂၉ ရက်မှာစတင်ဖြန့်ဝေခဲ့တဲ့ ဒီပို့စ်ဟာ တရက်အတွင်း ပြန်လည်မျှဝေမှုပေါင်း တထောင်ကျော်နဲ့  ကြည့်ရှု့မှုအကြိမ်အရေအတွက် တ သိန်းနီးပါးအထိ ရရှိထားတယ်။  ဒီပို့စ်မှာပဲ ဓာတ်ပုံစာသားထဲမှာတော့ အမျိုးမတူသည့် အခါးကို ၆ နာရီအတွင်း ၂ ကြိမ်စားမိပါက သွေးတိုးပြီး လေဖြတ်သေဆုံးနိုင်ခြေရှိတယ်လို့လည်း ဆိုထားပါတယ်။ 

“ခွေးတောက် + တမာ

ကြောင်လျှာ + ကြက်ဟင်းခါး

ဝက်သား + လဘက်

ဤ ခြောက်ချက်

တွဲလျက် မစားရာ..တဲ့”

မူရင်းလင်ခ့် – Facebook link | Archive link

အချက်အလက်စိစစ်ချက်

အစားအသောက် ၂ ခုကို အတူတွဲစားမိလို့ သေဆုံးရတယ်ဆိုတာ မဟုတ်ကြောင်း Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။ ဂွေးတောက်ရွက်နဲ့ တမာရွက်ဟာ မြန်မာလူမျိုးတွေအတွက် အရံဟင်းလျာအဖြစ် ငပိရည်နဲ့ တွဲဖက်စားသုံးလေ့ရှိကြသလို ကြောင်လျာသီးနဲ့ ကြက်ဟင်းခါးသီးချက်ဟာလည်း မြန်မာထမင်းဆိုင်တွေမှာ အမြဲတွေ့ရတတ်တဲ့ အစားအသောက်တွေသာဖြစ်ပါတယ်။ ဒီအစားအသောက် ၂ ခုကို တွဲဖက် စားသောက်မလို့ သေဆုံးခဲ့ရတယ်ဆိုတဲ့ တိကျတဲ့ ဖြစ်စဉ်အထောက်အထား မတွေ့ရပါဘူး။ ဒီလိုပဲ ဝက်သားနဲ့ လက်ဖက်သုပ် သို့မဟုတ် ထမင်းစားပြီး လက်ဖက်ရည်ကြမ်းသောက်သုံးတာဟာလည်း နေ့စဉ်လိုလို လူအများစု စားသောက်နေထိုင်နေကြတဲ့ ဓလေ့တခုပဲဖြစ်ပါတယ်။ 

အထူးသဖြင့် အစားအသောက် ၂ ခုကို ပူးတွဲစားသောက်မိလို့ နဂိုရောဂါအခံရှိသူတွေဟာ အထူးသဖြင့် ဆီးချိုရောဂါရှိသူတွေအတွက် ချိုလွန်းတဲ့ အစားအသောက်တွေကို တွဲစားသောက်မိရုံနဲ့ ဆီးချိုတက်ပြီး သေဆုံးတတ်သလို ကိုယ်စားသောက်လိုက်တဲ့ အစားအသောက်က မသန့်ရှင်းတဲ့အခါမျိုးမှာ ဝမ်းပျက် ဝမ်းလျောတာနဲ့ အော့အန်တာမျိုးတွေဖြစ်နိုင်တယ်လို့ ‌‌ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

ဒီအပြင် ခါးတဲ့ အရသာရှိတဲ့ အသီးအရွက်တွေဟာ သွေးတိုးစေနိုင်တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။

သုံးသပ်ချက်

ခွေးတောက်ရွက်နဲ့ တမာရွက်၊ ကြောင်လျှာသီးနဲ့ ကြက်ဟင်းခါးသီး၊ ဝက်သားနဲ့ လဘက်တွဲစားတာအပါအဝင် ခါးတဲ့ အရသာရှိတဲ့ အရာတွေ တွဲစားသုံးလို့ သွေးတိုးပြီး သေဆုံးတယ်ဆိုတာ ယုံကြည်ရလောက်တဲ့ သုတေသနပြု လေ့လာတွေ့ရှိချက်မျိုးမရှိပါဘူး။

Avatar

Title:Fact Check: အခါးကို ၆ နာရီအတွင်း ၂ ကြိမ်စားမိရင် သွေးတိုးပြီး သေဆုံးနိုင်သလား- အထောက်အထားမရှိပါ

Written By: နေရာမောင် 

Result: False