အစားအသောက်နှစ်ခုအတူစားမိရင်သေစေတယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေ အကြားမှာ ပျံ့နှံ့မှု အားကောင်းခဲ့ပါတယ်။

“သတိ နဂါးမောက်သီး + ချဉ်စော်ခါးသီး = သေ shareထားလိုက်တန်ဖိုးရှိတယ် နဂါးမောက်သီး + ပိန်းနဲသီး = သေ နဂါးမောက်သီး + ကြက်ဥ = သေ နွားနို့ + မှို = သေ မင်းကွတ်သီး + သကြား = သေ ရေခဲမုန့် + ချင်းသုပ် = သေ လက်ဖက် + ကျွဲခေါင်းသီး = သေ အမဲသား + ခရု = သေ ဂွေးသီး + အာတာလွတ် = သေ နို့ဆီ + ကိုးပါးဆေး = သေ တညင်းသီး + ရှိန်းခို = သေ အုန်းနို့ခေါက်ဆွဲ + ပက်ပစီ = သေ ကိုင်းဥ + ပုစွန်ချဉ် = သေ နွားနို့ + အချဉ်အမျိုးအမျိုး = သေ သိုးသား + စောင်းလျားသီး = သေ ကျွဲခေါင်းသီး + သံပုရာသီး = သေ မှို + ဖားသား = သေ မှို + လယ်ကဏန်း = သေ ဝက်သား + ထန်းရည်ချို = သေ ဝက်သား + ဗျိုင်းသား = သေ ဝက်သား + ကြာရိုးကြာစွယ် = သေ ပျားရည် + သြဇာသီး = သေ ပျားရည် + အုန်းသီး = သေ ပျားရည် + ဥသျှစ်သီး = သေ ခိုသား + ချင်း = သေ ခိုသား + ဖရုံသီး = သေ ကြောင်လျှာသီး + ငါးသေတ္တာ = သေ ကြောင်လျှာသီး + ပဲဒလက် = သေ ကြောင်လျှာသီး + စပါးကြီးမြွေ = သေ ပီလောပီနံ + ပဲကြားလှော် = သေ ပီလောပီနံ + မျှစ်ချဉ် = သေ ပီလောပီနံ + ဒေါင်းသား = သေ ပီလောပီနံ + အချဉ်အမျိုးမျိူး = သေ နို့အေးချောင်း + ဂွေးသီး = သေ ချောကလက် + စောင်းလျားသီး = သေ ချောကလက် + ပဲမြစ် = သေ ရှောက်သီး + နွားနို့၊ နို့ရည် = သေ ထန်းလျက် + နလင်ကျော် = သေ ထန်းလျက် + ၂၇ ပါးဆေး = သေ ကျွဲကောသီးး + သံပုရာသီး = သေ သပြေသီး + ထန်းလျက် = သေ ငှက်ပျောသီး + ထန်းသီး = သေ ချင်း + သဘောၤသီး = သေ ကြက်ဆူသီး + ငှက်သား = သေ မှို + တညင်းသီး = သေ မိုင်လို + ပဲမြစ် = သေ ကျေးသား + ဘူးသီး = သေ မှို + ယုန်သား = သေ”စသည်ဖြင့် အစဉ်လိုက်ရေးသားပြီး “Me Love Keep”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားပါတယ်။

နောက်ထပ် ( အော့ အန် သေ ဆုံးခြင်း)ကို ဖြစ်စေနိုင် အစားအစာများ၊ အခြားသော တွဲဖက်မကျွေးသင့်သော အစားအသောက်များစသည်ဖြင့်လည်းရေးသားထားပါတယ်။ ၂၀၁၉ ခုနှစ် မေ ၁၄ ရက်မှာ မျှဝေခဲ့တဲ့ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ လူမှုကွန်ယက်အသုံးပြုသူ ၁ သောင်းနီးပါးက ပြန်လည်မျှဝေခဲ့ကြပြီးဖြစ်သလို ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာပဲ ဒီပို့စ်ကို မျှဝေတာ၊ မှတ်ချက်ပေးတာ ဒါမှမဟုတ် တုန့်ပြန်မှုတစ်ခုခုပေးခဲ့တဲ့ လူမှုကွန်ယက်အသုံးပြုသူဟာ စုစုပေါင်း ၅ ထောင်နီးပါးရှိခဲ့ပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

အစားအစာနှစ်ခုကို တွဲဖက်စားသောက်မိရုံနဲ့သေစေနိုင်တယ်ဆိုတာ ဟုတ်မဟုတ် ဆေးဘက်ဆိုင်ရာ အသိပညာ ပေးဆောင်းပါးတွေရေးသားတဲ့ Hello Sayarwon က ဒေါက်တာသူရိန်လှိုင်ဝင်းကို Fact Crescendo Myanmarက ဆက်သွယ်အတည်ပြုရာမှာ အောက်ပါအတိုင်းပြောပါတယ်။

“ဖြစ်နိုင်ခြေကတော့ လုံးဝမရှိဘူး။ ကျွန်တော်တို့က အစားအသောက်တွေက ပုံမှန်အားဖြင့်ဆို ဘေးကင်းတယ်။ အချင်းချင်းတွဲစားလို့လည်း ဘာမှ ဖြစ်လေ့ဖြစ်ထမရှိဘူး။ ဒါပေမဲ့ ဉပမာဆိုကြပါစို့ နဂိုရောဂါအခံရှိတဲ့သူ တစ်ယောက်က သရက်သီးရယ် ဒူးရင်းသီးရယ် တွဲစားတယ်ဆိုပါစို့ ဒါမှမဟုတ်လည်း ဒူးရင်းသီးနဲ့ ကိုကာကိုလာ တွဲသောက်တယ် အဲလိုမျိုးရှိတယ်ဆိုပါစို့ သူ့မှာ နဂိုရောဂါဆီးချိုအခံလည်းရှိတယ်ဆိုရင် ဒူးရင်းသီးက အရမ်းအချို ဓာတ်များတဲ့ အစားအစာလေ။ နောက်တစ်ခါ ကိုကာကိုလာတို့ အခြားအစားအစာ သရက်သီးတို့ဘာတို့ ဆိုတာ လည်း အချိုဓာတ်အရမ်းများတဲ့ အသီးပဲ။ အချိုဓာတ်များတဲ့ အစားအသောက်တွေကို ဆီးချိုရောဂါရှိမှန်းမသိဘဲနဲ့ အများကြီးစားလိုက်တယ်ဆိုရင်တော့ ကျွန်တော်တို့ ဆီးချိုတွေ ရုပ်တရက် ထပ်တက်ပြီး အသက်ဆုံးရှုံးသွားတာ မျိုးတွေ ဖြစ်နိုင်ခြေရှိတယ်။ ဒါမှမဟုတ်လည်း တစ်ချို့အစားအသောက်တွေက ပိုးမွှာတွေကပ်ညှိနေတတ်တယ်။ ဝမ်းလျောနိုင်တယ်ပိုးတွေရှိမယ်။ အစာအိမ် အူလမ်းကြောင်းကို ပြဿနာတက်တဲ့ပိုးတွေ အများအားဖြင့်ရှိတယ် ပေါ့။ အဲဒီပိုးတွေနဲ့ ကပ်ညှိနေတယ်ဆိုရင်တော့ အဲလို အစားအစားတွေကို စားမိတဲ့အချိန်မှာ ဝမ်းလျောတာတွေ ဝမ်းပျက်တာတွေ အော့အန်တာတွေရှိလိမ့်မယ်။ ဒါပေမဲ့ ပုံမှန်အားဖြင့်ဆိုရင်တော့ အစားအသောက်တွေက တစ်ခုနဲ့တစ်ခုမတည့်ဘူးဆိုတာ မရှိဘူး။ ပုံမှန်အားဖြင့်ဆို ဘေးကင်းတယ်။ ဖြစ်နိုင်ခြေကတော့ နဂိုရောဂါအခံ တစ်ခုခုရှိရင်ရှိ ဒါမှမဟုတ်ရင် ပိုးမွှားတွေ ကပ်ညှိနေတဲ့အစားအသောက်တွေ စားမိချင်စားမိအဲဒီနှစ်ခုကြောင့်ပဲ ကျွန်တော်တို့ အစားအသောက်ကနေ ပြဿနာတက်တာဖြစ်နိုင်တယ်”လို့ ဒေါက်တာသူရိန်လှိုင်ဝင်းက ရှင်းပြပါတယ်။

ဆီးချိုအပြင် ဒီလိုအစားအစာနဲ့ ပတ်သက်ပြီး သတိထားရမယ်ရောဂါတွေအကြောင်းမေးမြန်းရာမှာတော့ ဒေါက်တာသူရိန်လှိုင်ဝင်းက အောက်ပါအတိုင်းပြောပါတယ်။

“တစ်ချို့တွေက နွားနို့နဲ့ မတည်တဲ့သူတွေရှိတယ်။ နွားနို့မှာပါတဲ့ ကျွန်တော်တို့ lactose intolerance ဖြစ်တယ်လို့ခေါ်တယ်။ အဲဒီ နွားနို့နဲ့ဓာတ်မတည်တဲ့သူတွေကနွားနို့သောက်တာနဲ့ ဝမ်းလျော့မှာပဲ။ ဘာပဲသောက်သောက်။ နို့နဲ့လုပ်ထားတဲ့ အစားအစာမှန်သမျှသူ့အတွက် ဝမ်းလျောလိမ့်မယ်။ အဲဒါကြောင့် နိုင်ငံခြားမှာဆိုရင် နွားနို့မှာ lactose free တို့ဘာတို့ ထည့်ရေးတာအဲဒါကြောင့်။ ရောဂါတွေကတော့ အများကြီးရှိတယ်။ အဲလိုတစ်ခုချင်းစီကတော့ ပြောရတာခက်တယ်။ ဒါပေမဲ့ ကျွန်တော်ပေးချင်တဲ့ သတင်းစကားကတော့ အစားအသောက်တွေက သူတို့အချင်းချင်းမတည်ဘူးဆိုတာ မရှိဘူး။ မရှိသဘောက် ပါပဲ။ ဘေးကင်းတယ်”လို့ ဒေါက်တာသူရိန်လှိုင်ဝင်းကပြောပါတယ်။

ဒူးရင်းသီးစားပြီး ကိုကာကိုယ်လာသောက်မိပြီးအသက်ဆုံးရှုံးရတယ်ဆိုတဲ့ သတင်းပျံ့နှံ့ခဲ့တုန်းကလည်း Fact Crescendo Myanmar က အချက်အလက်စိစစ်ခဲ့ဖူးတာရှိပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။

Fact Crescendo Myanmar

ဘဲဥနဲ့ ဖရဲသီးတွဲစားရင် သေစေတယ်ဆိုတာ မမှန်ကန်ကြောင်းလည်း Hello Sayarwon ဖေ့စ်ဘွတ်စာမျက်နှာက ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၂ ရက် တင်ဆက်ခဲ့တဲ့ ဗွီဒီယိုမှာ လက်တွေ့ သရုပ်ပြခဲ့တာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ သာမန်အားဖြင့် အစားအစာနှစ်ခုကို တွဲဖက်စားသောက်မိရုံနဲ့ သေစေနိုင် တယ်ဆိုတာ အထောက်အထားမရှိတဲ့အတွက် “Me Love Keep”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာ မျှဝေထားတဲ့ အချက်အလက်ကို အချက်အလက်မှားအဖြစ်သတ်မှတ်ပါတယ်။

Avatar

Title:ဒီအစားအသောက်နှစ်ခုအတူစားမိရင်သေတယ်ဆိုတာ မဟုတ်ပါ

Fact Check By: Nayar Maung

Result: False