
ရန်ကုန်မြို့ ဆူးလေဘုရား ဗုံးကြဲခံရပြီး ဘုရားဖူး ပြည်သူ ၂၀၀ သေဆုံးသွားတယ်ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ဝေမှုသာဖြစ်တယ်။
အောက်ပါစခရင်ရှော့ကတော့ ကြည့်ရှု့မှုများပြားနေတဲ့ ယူကျူ့ ဗွီဒီယိုနဲ့ ဒီဗွီဒီယို ပါစာသားကောက်နုတ်ချက်ဖြစ်ပါ တယ်။
“ရန်ကုန်မြို့ ဆူးလေဘုရား
ဗုံးကြဲခံရ
ဘုရားဖူးသွားကြတဲ့ ပြည်သူ (၂၀၀)သေဆုံး
အလောင်းပုံထပ်နေ မအလ ယုတ်မာပြီ”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khi thit channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီး ဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ရန်ကုန်မြို့လယ်က ဆူးလေဘုရား မြန်မာစစ်တပ်ရဲ့ ဗုံးကြဲခံရပြီး ဘုရားဖူး ပြည်သူ ၂၀၀ သေဆုံးသွားတယ်လို့ ရေးသားဖြန့်ဝေထားပေမဲ့ ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။ ၇ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ “ကနီမြိုနယ်၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ နတ်ကြီးရွာနှင့် မုဌေါရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ကား ၁ စီးပျက်စီး”၊ “ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများကို လိုက်လံတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး”၊ “မြ၀တီမြို့နယ်၊ ကျောက်ခက်ရှိ ကျားဖြန့်ဂိုဏ်းများတွင် လူကုန်ကူးခံထားရသည့် နိုင်ငံခြားသား ၂၆၁ ဦးကို DKBA က ထိုင်းအစိုးရထံ လွှဲပြောင်း၊ Khit Thit က သတင်းဖော်ပြခဲ့သည့် နှိပ်စက်ခံ ပါကစ္စတန်နိုင်ငံသားများ ပြန်လည် လွတ်မြောက်လာ”၊ “မောင်း”မီဒီယာကဖော်ပြခထဲ့တဲ့ “မင်းအောင်လှိုင်က သူ့လက်ထက်မှာ စီးပွားရေးတိုးတက်နေတယ်လို့ ကြွေးကြော်ခဲ့ပေမယ့် နိုင်ငံခြားငွေ မရရှိလို့ အခက်အခဲဖြစ်နေကြောင်း ဝန်ခံပြောဆို”စတဲ့အကြောင်းအရာတွေကို ပြန်လည်ဖော်ပြထားတယ်။
သုံးသပ်ချက်
ရန်ကုန်မြို့ ဆူးလေဘုရား ဗုံးကြဲခံရပြီး ဘုရားဖူး ပြည်သူ ၂၀၀ သေဆုံးသွားတယ်ဆိုတာ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။ “Khit thit channel”ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ဝေနေတဲ့ ချန်နယ်တခုဖြစ်တယ်။ မုံရွာခရိုင် ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးရှိ နတ်ကြီးရွာနဲ့ မုဌေါရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူတွေ ထိခိုက်ဒဏ်ရာရတဲ့ သတင်းကို လိုအပ်သလို လုပ်ကြံ သတင်းခေါင်းစဉ်တု တပ်ထားခြင်းဖြစ်တာတွေ့ရတယ်။

Title:Fact Check: ရန်ကုန်မြို့ ဆူးလေဘုရား ဗုံးကြဲခံရပြီး ဘုရားဖူး ပြည်သူ ၂၀၀ သေဆုံးဆိုတဲ့ သတင်းတု
Written By: နေရာမောင်Result: False