
အရင်ဗိုင်းရပ်စ်ထက် ၅ ဆ ပိုမိုပြင်းထန်ပြီး သေဆုံးနိုင်ခြေလည်းပိုများလို့ COVID-19 မျိုးကွဲ Omicron XBB နဲ့ ပတ်သက်ပြီး သတိပေးချက်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှ ယခုရက်ပိုင်းအတွင်း ပျံ့နှံ့မှု အားကောင်းနေတာတွေ့ ရပါတယ်။
နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်တခုသာဖြစ်တယ်။
အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားခြင်းဖြစ်တယ်။ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ကြည့်ပါ။
“COVID-OmicronXBB သည် မြစ်ဝကျွန်းပေါ်မျိုးကွဲများထက် ငါးဆပိုမိုပြင်းထန်ပြီး သေဆုံးနှုန်းပိုမိုမြင့်မားသည်။”
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
စစ်တပ်အာဏာသိမ်းအပြီးမှာ မြန်မာနိုင်ငံ ကျန်းမာရေးစနစ်ဟာလည်း ချိနဲ့ ပြိုကျနေပြီး ဘယ်လို မျိုးကွဲတွေနဲ့ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေ ဘယ်လိုရှိနေတယ်ဆိုတဲ့ အချက်အလက် သိရှိဖို့တောင် ခက်ခဲ့ပါတယ်။ လူမှုကွန်ယက်မှာ ကူးယူဖြန့်ဝေမှုများပြားနေတဲ့ ဒီဗိုင်းရပ်စ်မျိုးကွဲ သတိပေး နှိုးဆော်ချက်ပါ တခြားအချက် အလက်တွေဖြစ်တဲ့ ကူးစက်ခံရမှုလက္ခဏာနဲ့ ရှောင်ရန်၊ ဆောင်ရန်အချက်တွေကိုတော့ အချက်အလက်စိစစ်မှု မပြုတော့ဘဲ အရင်ဗိုင်းရပ်စ်ထက် ၅ ဆ ပိုမိုပြင်းထန်မှုဖြစ်စေ သေဆုံးနိုင်ခြေပိုမိုမြင့်မား တယ်လို့ဆိုတဲ့ အချက်ကို အဓိက အားဖြင့် Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ဖော်ပြပါမယ်။
OmicronXBB ဗိုင်းရပ်စ်ဟာ အခုရက်ပိုင်းမှ စတင်တွေ့ရှိတဲ့ မျိုးကွဲအသစ်မဟုတ်ပါဘူး။ တကယ်တမ်းမှာ COVID-19 မျိုးကွဲတခုဖြစ်တဲ့ Omicron ဟာ ၂၀၂၁ ခုနှစ်ထဲမှာကတည်းက စတင်တွေ့ရှိခဲ့ပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
နောက်ထပ်ပြောင်းလဲလာတဲ့ XBB ကိုတော့ ၂၀၂၂ ခုနှစ် ဩဂုတ်မှာ အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီလိုပဲ ကူးစက်ခံရမယ့် အခွင့်အလမ်း ပိုမိုများပြားလာတာမှန်ပေမဲ့ ကူးစက်ခံရသူဟာ အရင် မျိုးကွဲတွေထက် ၅ ဆ ပိုမိုသေဆုံးနိုင်ခြေမြင့်မားတယ်ဆိုတာလည်း မဟုတ်ပါဘူး။ အမေရိကန်ဆရာဝန်အသင်းက ၂၀၂၃ ခုနှစ်ထဲမှာ Omicron XBB 1.5 နဲ့ပတ်သက်ပြီး လူနာတွေအနေနဲ့ မေးမြန်းကောင်း မေးမြန်းနိုင်တဲ့ မေးခွန်းတွေနဲ့ပတ်သက်ပြီး အဖြေကို ကြည့်ပါ။
သုံးသပ်ချက်
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ မျိုးကွဲတခုဖြစ်တဲ့ Omicron XBB ပျံ့နှံ့ရောက်ရှိမှုနဲ့ပတ်သက်ပြီး အချက်အလက် မရှိပေမဲ့ အခြားနိုင်ငံတွေက အတွေ့အကြုံအရ ကူးစက်မှု ပိုမိုမြန်ဆန်တဲ့ COVID-19 မျိုးကွဲ Omicron XBB ဟာ အရင်ဗိုင်းရပ်စ်ထက် ၅ ဆ ပိုမိုပြင်းထန်ပြီး သေဆုံးနိုင်ခြေလည်းပိုများတယ်ဆိုတာ တိကျတဲ့ အထောက်အထားမရှိပါဘူး။
ပြောဆိုချက်- အရင်ဗိုင်းရပ်စ်ထက် ၅ ဆ ပိုမိုပြင်းထန်ပြီး သေဆုံးနိုင်ခြေလည်းပိုများတဲ့ COVID-19 မျိုးကွဲ Omicron XBB

Title:Fact Check: COVID-Omicron XBB က အရင်ဗိုင်းရပ်စ်ထက် ၅ ဆ ပြင်းထန်ပြီး သေဆုံးမှုနှုန်းပိုမြင့်တယ်ဆိုတာ အထောက်အထားမရှိပါ
Fact Check By: နေရာမောင်Result: False