
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေအိမ် ဗုံးခွဲခံရပြီး မိသားစုလိုက် သေဆုံးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။
မေ ၁၉ ရက်မှာစတင်ဖြန့်ဝေလာပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ နာရီအနည်းငယ်အတွင်း ကြည့်ရှု့မှုပေါင်း ၂၈၀၀၀ ကျော်ရရှိထားတယ်။
“မနက်(၁၀)နာရီ အရေးပေါ်သတင်းထူး
သေကုန်ပီ
မအလ နေအိမ်ဗုံးခွဲခံရလို့ မိသားစုလိုက်
မသာပေါ်ကုန်ပြီ/ခေတ်သစ်အတည်ပြုပီ”
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit channel”အမည်နဲ့ ယူကျူဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်က ပြန်လည်ဖြန့်ချိတဲ့နေရာတခုဖြစ်တာတွေ့ရတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုထဲပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “မန္တလေးတွင် ယမန်နေ့ညပိုင်း ပြင်းအား ၅ အဆင့်ကျော်ရှိသော ငလျင်ကြောင့် အဆောက်အအုံတချို့အက်ကွဲမှုများ ဖြစ်ပေါ်ခဲ့”၊ “ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၆ တန်းနှင့် ၁၂ တန်းကျောင်းသား၊ ကျောင်းသူ ၂ ဦးအပါအဝင် ၄ ဦးသေဆုံး”၊ “တောင်သာမြို့နယ်၊ လှည်းကူးမရွာ စာသင်ကျောင်းအနီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်” စတဲ့ သတင်းတွေကို ပြန်လည် ဖော်ပြထား တယ်။
သုံးသပ်ချက်
“Khit Thit channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ် သတင်းဌာနက မေ ၁၉ ရက်မှာဖော်ပြခဲ့တဲ့ လေယာဉ်နဲ့ ဗုံးကြဲမှု၊ ငလျင်သတင်းစတာတွေကို ပြန်လည်ကူးယူဖော်ပြပြီး ခေါင်းစဉ်တုတပ်ပြီး ဖြန့်ဝေထားတာတွေ့ရပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် နေအိမ် ဗုံးခွဲခံရလို့ မိသားစုလိုက်သေဆုံးတယ်ဆိုတာ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။

Title:Fact Check: မြန်မာစစ်ခေါင်းဆောင် နေအိမ် ဗုံးခွဲခံရပြီး မိသားစုလိုက် သေဆုံးတဲ့ သတင်းတု
Written By: Zun ZeeResult: False