လပြည့်ကျော် ၁ ရက်နေ့မှာ စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ရာ ရန်ကုန်က ရွှေတိဂုံအပါအဝင် ဘုရားဖူးပြည်သူ တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုပြီး ဗွီဒီယိုတခု “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုတပ် ဗွီဒီယိုတခုဖြစ်တာတွေ့ရတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ၂၄ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရရှိထားတယ်။
“လပြည့်ကျော် (၁)ရက်နေ့ ဗုံးကြဲပြန်ပြီ
ရွှေတဂုံ အပါဝင် ဘုရားဖူးပြည်သူများကို စစ်တပ်က ဗုံးကြဲ
အများပြားသေဆုံးနေပြီဗျာ”
အချက်အလက်စိစစ်ချက်
အခုလို ဗွီဒီယိုကိုဖော်ပြထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်မီဒီယာကို တုပထားတာတွေ့ရပြီး မီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးတဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ဝေတာတွေလုပ်တဲ့ နေရာဖြစ်တာတွေ့နိုင်တယ်။
အခုလည်း သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုထဲမှာ “လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “ဝါဆိုလပြည့်ညတွင် ကရင်နီပြည် နှင့် မကွေးတိုင်းကို စစ်ကောင်စီဗုံးကြဲ ပြည်သူ ၇ ဦးထက်မနည်းသေဆုံး”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထားတယ်။
၉ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ်ဖော်ပြထားတာကတော့ “အိုးဘိုထောင်မှာ ဖျားနာပြီး ဝမ်းပျက်သူတွေများနေ၊ ဆေးဝါးကုသခွင့်ရဖို့ နိုင်ကျဉ်းတွေ တောင်းဆို”၊ “ဝါဆိုလပြည်ည၌ မိုးကုတ်ကို စစ်ကောင်စီဗုံးကြဲ”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။
သုံးသပ်ချက်
စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ရာ ရန်ကုန်က ရွှေတိဂုံအပါအဝင် ဘုရားဖူးပြည်သူတွေကို ဝါဆိုလပြည့်မှာ ဗုံးကြဲတိုက်ခိုက်တယ်ဆိုတာ သတင်းတုသာဖြစ်တယ်။ ဝါဆိုလပြည့်ညက ကရင်နီပြည်၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတွေကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၇ ဦးထက်မနည်းသေဆုံးတဲ့သတင်းကို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။

Title:Fact Check: ရွှေတိဂုံအပါအဝင် ဘုရားဖူးပြည်သူတွေကို စစ်တပ် ဗုံးကြဲတိုက်ခိုက်တဲ့ သတင်းတု
Fact Check By: Zun ZeeResult: False