ရန်ကုန်နဲ့ မန္တလေးကို အရေးပေါ်ကြေညာလိုက်တယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“မန္တလေး တမြို့လုံး ပွတ်လော ရိုက်ကုန်ပြီ
မန္တလေးနဲ့ ရန်ကုန် အရေးပေါ်ကြေငြာပြီ
တစ်နိုင်ငံလုံး အသက်မသေဖို့ ချက်ချင်းကြည့်ပေးပါ”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေ ရေးသားတဲ့အကြောင်းအရာတွေကို လိုအပ်သလို ပြန်လည်တည်ဖြတ်ပြော ဆိုလုပ်ကြံရေးသားဖော်ပြပါတယ်။ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ် ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ရန်ကုန်နဲ့ မန္တလေးကို အရေးပေါ်ကြေညာတယ်ဆိုပေမဲ့ တကယ်တမ်း ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ပြောကြားနေတာက “မန္တလေးမြို့ထဲမှာ စစ်တပ်က ကား ၃စီးနဲ့ ပေါ်တာဆွဲနေလို့ ဈေးဆိုင်တွေ စောပိတ်နေရ”ဆိုတဲ့ သတင်းနဲ့ “ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းတို့တွင် စစ်တပ်၏ အမိန့်ဖြင့် ဘွဲ့ရစာရင်း လိုက်လံကောက် ခံနေပြီး စာရင်းကောက်သည့် အကြောင်း အရာ မပြော၍ ပြည်သူများ စိုးရိမ်”၊ “စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို KNU-NUG တပ်မဟာ -၄ ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့ နှင့်အဖွဲ့ ၁၅ ခုတို့က ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချပြီး လုံး၀ လက်မခံဟု ကြေညာ”စတဲ့ သတင်းအကြောင်းအရာတွေကို လိုအပ်သလို ပြန်လည်ပြောဆိုမျှဝေထားတယ်။

သုံးသပ်ချက်
“The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို သတင်းခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့်ဝေ၊ လုပ်ကြံရေးသားပြောဆိုတာတွေပြုလုပ်ပါတယ်။ အခုလည်း မန္တလေးမြို့ထဲမှာ စစ်တပ်က ကားနဲ့ပတ်ပြီး ပေါ်တာဆွဲနေလို့ ဈေးဆိုင်တွေ စောပိတ်နေရတဲ့အကြောင်းနဲ့ ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းမှာ စစ်တပ်က ဘွဲ့ရစာရင်း လိုက်လံကောက်ခံနေလို့ လူထုက စိုးရိမ်နေတဲ့ အကြောင်း သတင်းဖော်ပြချက်တွေကို လိုအပ်သလို ပြောဆိုကာ သတင်းတု ဖြန့်ချိထားခြင်းဖြစ်တယ်။ အဖွဲ့အစည်းတခုခုက လုံခြုံရေးအရ အရေးပေါ်ကြေညာခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုးမရှိပါဘူး။
Title:Fact Check: ရန်ကုန်နဲ့ မန္တလေးကို အရေးပေါ်ကြေညာတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False

