နိုင်ငံတကာတရားရုံး(ICJ)မှာ အခြေအနေမကောင်းတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဟောင်း ဦးသိန်းစိန်၊ စစ်ခေါင်းဆောင်တို့က သွားရောက်တွေ့ဆုံတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။
“ဒေါ်အောင်ဆန်းစုကြည်
ကို –ွှေ ဖမ်းခံရ”

တခြား ဗွီဒီယိုတခုမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သွားရောက် တွေ့ဆုံတယ်လို့ ဆိုထားတယ်။

အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Yangon Khit Thit”နဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေ ကို ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာ၊ လုပ်ကြံရေးသား ပြောဆိုချက်တွေ ဖြန့်ဝေ တာ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ “thumbnail”ဓာတ်ပုံရုပ်ကတ်နဲ့ ဗွီဒီယိုအစအသံဖိုင်နဲ့ ပြောဆိုမှုမှာ ICJ မှာ အမှုကြားနာစစ်ဆေးနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဟောင်း ဦးသိန်းစိန် သွားရောက်တွေ့ဆုံတယ်ဆိုပြီး Yangon Khit Thit အမည်နဲ့ ယူကျူ့မှာ ဖော်ပြထားပေမဲ့ ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တခုတလေမျှ ဖော်ပြခဲ့ခြင်းမရှိပါဘူး။
ဒီလိုပဲ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်မီဒီယာရဲ့ ယူကျူ့ချန်နယ် အမည်နာမကို တုပထားတဲ့ Khit Thit Media ကလည်း ICJ မှာ အမှုကြားနာစစ်ဆေးနေချိန်မှာ စစ်ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည် ကို သွားရောက်တွေ့ဆုံခဲ့တဲ့ သတင်းထွက်ပေါ်ခဲ့တဲ့အကြောင်း “thumbnail”ဓာတ်ပုံရုပ်ကတ်ရော ဗွီဒီယိုအစအသံဖိုင်မှာပါ ဖော်ပြထားတယ်။ ဒီသတင်းကိုလည်း ယုံကြည်ရလောက်တဲ့ သတင်းအရင်း အမြစ်တခုတလေမျှ ဖော်ပြချက်မတွေ့ရပါဘူး။
ဒီ ယူကျူ့ချန်နယ် ၂ ခုလုံးမှာ နောက်ထပ်တူညီတာကတော့ ဆက်လက်ဖတ်ကြားနေတဲ့အကြောင်းအရာတွေဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေ ရေးသားဖြန့်ဝေမှုကို ဗွီဒီယိုပုံစံနဲ့ ပြန်လည်ဖြန့်ချိထားခြင်းဖြစ်တယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာဆိုသူတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ ၂၀၁၉ ခုနှစ်ကတည်းက တရားစွဲဆိုခဲ့ရာမှာ တတိယ အကြိမ်ကြားနာမှု အဖြစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်အထိ ကြားနာနေပါတယ်။
သုံးသပ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့နေရာဟာ လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ချိတဲ့ ယူကျူ့ချန်နယ်တွေက ဖြန့်ဝေ ထားခြင်းဖြစ်တယ်။ ICJ မှာကြားနာနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် သွားတွေ့တယ် ဆိုတဲ့ အထောက်အထားမရှိသလို သမ္မတဟောင်းဦးသိန်းစိန်သွားရောက်တွေ့ဆုံတယ်ဆိုတာလည်း မဟုတ်ပါဘူး။
ပြောဆိုချက်- ICJ မှာကြားနာနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်နဲ့ ဦးသိန်းစိန် သွားရောက်တွေ့ဆုံ
Title:Fact Check: ICJ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဦးသိန်းစိန်၊ စစ်ခေါင်းဆောင်တို့ သွားရောက်တွေ့ဆုံမှု သတင်းတု
Fact Check By: နေရာမောင်Result: Misleading

