နေပြည်တော်ကို ပြင်းအား ၆ ဒဿမ ၈ ငလျင် နေပြည်တော်မှာ လှုပ်ခတ်ပြီး တပ်မိသားစု အများအပြား သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“ပြင်းအား (၆.၈) ငလျင်ကြီး လှုပ်
နေပြည်တော် စစ်တပ်အိမ်ရာပြိုကျ ၊ တပ်မိသားစု အများပြား သေဆုံး၊ ဝဋ်လည်ကုန်ပြီ”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media” ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ် သတင်းဌာန ယူကျူ့အမည်နာမကို တုပပြီး သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို လိုအပ်သလို ပြန်လည်တည်ဖြတ်ပြောဆိုတာနဲ့ လုပ်ကြံပြောဆိုချက်တွေ ဖြန့်ဝေလေ့ရှိပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ် ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ အင်းအား ၆ ဒဿမ ၈ ရှိတဲ့ ငလျင်လှုပ်ပြီး နေပြည်တော်မှာ အဆောက်အဦးတွေ ပြိုကျပြီး တပ်မိသားစု အများအပြား သေဆုံးခဲ့တယ်ဆိုပေမဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ သတင်းဖော်ပြချက် မတွေ့ရပါဘူး။
ဒီဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားမှုအပါအဝင် နောက်ထပ်ရုပ်ကတ်မှာဖော်ပြရာမှာတော့ အင်းအား ၅ ဒဿမ ၆ ရှိ ငလျင်လှုပ်ခတ်ပြီး စစ်တပ်ဝန်ထမ်းအိမ်ရာ ပြိုကျကာ အများအပြားသေဆုံးခဲ့တယ်လို့လည်း ထပ်မံ ဆိုထားပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ အသုံးပြုထားတဲ့ ဓာတ်ပုံတွေဟာ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က စစ်ကိုင်းကို ဗဟိုပြုပြီး ပြင်းအား ၇ ဒဿမ ၇ ငလျင်လှုပ်ခတ်ခဲ့စဉ်က အပျက်အစီး ဓာတ်ပုံတွေဖြစ်တယ်။ ဒီလင့်ခ်နဲ့ ဒီလင်ခ့်တွေမှာ ကြည့်ပါ။

သုံးသပ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို သတင်းခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့်ဝေ၊ လုပ်ကြံရေးသားပြောဆိုတာတွေပြုလုပ်ပါတယ်။ အခုလည်း နေပြည်တော်မှာ ပြင်အား ၅ ဒဿမ ၆ ရှိတဲ့ ငလျင်လှုပ်ခတ်ပြီး အများအပြားသေဆုံးတယ်ဆိုတာ လုပ်ကြံရေးသားမှုသာဖြစ်တယ်။
ပြောဆိုချက်- ပြင်းအား ၆ ဒဿမ ၈ ငလျင် နေပြည်တော်မှာ လှုပ်ခတ်ပြီး တပ်မိသားစု အများအပြား သေဆုံး
Title:Fact Check: ပြင်းအား ၆ ဒဿမ ၈ ငလျင် နေပြည်တော်မှာ လှုပ်ခတ်ပြီး တပ်မိသားစု အများအပြား သေဆုံးတဲ့ သတင်းတု
Fact Check By: Zun ZeeResult: False

