စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မန္တလေးနန်းတွင်းမှာရှိစဉ် ရှော့တိုက်ဒရုန်းနဲ့ တိုက်ခိုက်ခံရ တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်အပြီးမှာပဲ စစ်ခေါင်းဆောင်ဒဏ်ရာရပြီး ဆေးရုံတက်ရောက်ကုသနေရတဲ့ ဓာတ်ပုံဆိုပြီး ဓာတ်ပုံတပုံ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ ဉာဏ်ရည်တုနည်းပညာ အသုံးပြု ဖန်တီးထားတဲ့ ဓာတ်ပုံသာဖြစ်တာတွေ့ရတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။
“အရမ်းကိုဝမ်းန.ည်းရပါတယ်.ဘဘကြီးရယ်.😥😥😭😭ဘာလို့လဲဆိုတော့ဗျာ..ပို့စ်တင်ရင်းနဲ့ကိုမျက်ရ.ည်ကအလိုလိုကျလာပါတယ်ဗျာ.😥😥😭😭😭😭အရမ်းကိုမှယူကြုံ.းမရဖြစ်ရပါတယ်ညီအကိုတို့ရေ.ဘာလို့များအဲလိုလုပ်ရ.က်ကြတာလဲဟင်.😏…တခါတည်းတစစ.ီဖြစ်အောင်လု.ပ်ရမှာကိုအခုတော့ကြည့်ကြပါဦး..တခါတ.ည်းေ..သမသ.ွားတာအရမ်းကိုစိတ်ထဲမှာယူကြုံ.းမရဝ.မ.့်းန.ည်းရတယ်”

နောက်ထပ် ပျံ့နှံ့နေတဲ့ ဓာတ်ပုံတပုံမှာတော့ စစ်ခေါင်းဆောင်က ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေစဉ် နောက်ထပ် စစ်တပ်အရာရှိကြီး ၂ ဦးက ကုတင်နံဘေးမှာ ရပ်နေတယ်။ ဒီနေရာမှာ ကြည့်ပါ။

အချက်အလက်စိစစ်ချက်
စစ်ခေါင်းဆောင်ရဲ့ ဒဏ်ရာရထားတယ်ဆိုတဲ့ ဓာတ်ပုံကို Fact Crescendo Myanmar လေ့လာကြည့်ရာမှာ ဉာဏ်ရည်တု(AI)နည်းပညာအသုံးပြုပြီး ဖန်တီးထားတဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။ ဥပမာအားဖြင့် ဆေးရုံကုတင်ပေါ်မှာ စစ်ခေါင်းဆောင် လဲလျောင်းနေပြီး နောက်ထပ် စစ်တပ်က အရာရှိကြီး ၂ ဦး ကုတင်ဘေးမှာ ရပ်နေတဲ့ ဓာတ်ပုံမှာ မြန်မာစစ်တပ်မှာ အရာရှိတွေမှာ အသုံးပြုတဲ့ အပွင့်နဲ့အခက် တချို့ဟာ လိုအပ်တာထက် ပိုမိုပါဝင်နေတာမျိုးနဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေထဲမှာ ဒီလို ရုပ်ရည်မျိုးမရှိတာဟာ သိသာစေတဲ့ အချက်တွေ ပဲဖြစ်တယ်။ မြန်မာစစ်တပ်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ကြယ် ၅ ဖွင့် ပုခုံးတံဆိပ်တပ် အင်္ကျီကို ဝတ်ဆင်ပြီး နောက်ထပ်ကြယ် ၅ ဖွင့်တပ် ဝတ်ဆင်သူ စစ်တပ်မှာ မရှိပါဘူး။ သူ့နောက်လိုက် ဒုတိယစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကြယ် ၄ ဖွင့်တပ် ပခုံးထောက်ကို ဝတ်ဆင်ပါတယ်။ ဒီလိုပဲ ဓာတ်ပုံကို ချဲ့ကားကြည့်မယ်ဆိုရင် ကုတင်နံဘေးက နှလုံးခုန်နှုန်းနဲ့ သွေးပေါင်တိုင်းတဲ့စက်ပါ ဂဏန်းမှာ အမှန်တကယ် ဂဏန်းတခုလို ပီပြင်ခြင်းမရှိဘဲ AI ရဲ့အားနည်ချက်တချို့ကို မြင်နိုင်ပါတယ်။

ဇန်နဝါရီ ၂၇ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ခေါင်းဆောင် ရောက်ရှိနေတယ်လို့ ယူဆရတဲ့ မန္တလေးမြို့ နန်းတွင်းမှာရှိတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာကို ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခိုက်တိုက်ခိုက်ခဲ့တယ်လို့ BWM က ထုတ်ပြန်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း တိုင်းမှူး နေအိမ်ကို ထိမှန်ခဲ့တယ်လို့ ဇန်နဝါရီ ၂၇ ရက် နေ့လည်ပိုင်း ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြခဲ့ပြီး ဇန်နဝါရီ ၂၈ ရက် ထပ်မံထုတ်ပြန်ချက်မှာတော့ ဗိုလ်မှူးချုပ် ရာထူးအဆင့်ထက်မနိမ့်သူ တစ်ဦးအပါအဝင် အရာအရှိအချို့ ထိခိုက်ဒဏ်ရာရပြီး ပြင်ဦးလွင် စစ်ဆေးရုံကို ပို့ထားရကြောင်းနဲ့ ဒီတိုက်ခိုက်မှုအပြီးမှာ စစ်ခေါင်းဆောင်လည်း လူမြင်ကွင်းကနေ ပျောက်နေတာတွေ့ရပြီး စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ကိုယ်ခန္ဓာထိခိုက်ထားတာဖြစ်နိုင်တယ်လို့ ရေးသားထားပါတယ်။
စစ်တပ်ဘက်ကတော့ မန္တလေးနန်းတွင်းမှာ ဒီလို တိုက်ခိုက်ခံရတာမရှိဘဲ သတင်းမှားသာဖြစ်တယ်လို့ ငြင်းဆိုထားတယ်။
သုံးသပ်ချက်
မန္တလေးနန်းတွင်း တိုက်ခိုက်မှုအပါအဝင် စစ်ခေါင်း ဒဏ်ရာရရှိခြင်းရှိမရှိ အတည်မပြုနိုင်ချိန်မှာ ဒီဓာတ်ပုံကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ အသုံးပြုပြီး သတင်းဖော်ပြချက်မရှိပါဘူး။ စစ်ခေါင်းဆောင် ဒဏ်ရာနဲ့ ဆေးကုသနေတဲ့ ဓာတ်ပုံဟာ ဉာဏ်ရည်တုနည်းပညာနဲ့ ပြုလုပ်ထားတာတွေ့ရပြီး အမှန်တကယ် ဓာတ်ပုံတခု မဟုတ်ကြောင်း သုံးသပ်ပါတယ်။
Title:Fact Check : စစ်ခေါင်းဆောင် မန္တလေးနန်းတွင်းမှာ တိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိတဲ့ ဓာတ်ပုံလား- မဟုတ်ပါ
Fact Check By: နေရာမောင်Result: False

