ယူကရိန်းနိုင်ငံရဲ့ ထောက်လှမ်းရေးအထူးတပ်ဖွဲ့ဝင်တွေဟာ ဘီလာရုစ်သမ္မတ လူကာရှင်ကို(Lukashenko)ကို သူ့နိုင်ငံထဲအထိ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်း နေတာ တွေ့ရတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုဖြန့်ဝေမှုတခုဖြစ်ပြီး ဓာတ်ပုံဟာ ဉာဏ်ရည်တု နည်းပညာ(AI)အသုံးပြု ပြုလုပ်ထားခြင်းဖြစ်တာတွေ့ရတယ်။
ဒီလိုပြောဆိုချက်တွေပါဝင်တဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ တူညီတဲ့ပြောဆိုမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။
“ယူကရိန်းတိုက်ခိုက်ရေးသမားများက ဘီလာရုစ်နိုင်ငံပိုင်နက်အတွင်းမှ လူကာရှင်ကိုကို တိုက်ရိုက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဆိုထားသည်။ SBU နှင့် HUR အထူးတပ်ဖွဲ့ဝင်အုပ်စုတစ်စုသည် ဤစစ်ပွဲအတွင်း အရဲရင့်ဆုံး စစ်ဆင်ရေးများထဲမှ တစ်ခုကို ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ ယူကရိန်းတပ်ဖွဲ့ဝင်များသည် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ပြီး လူကာရှင်ကို၏ နေအိမ်လုံခြုံရေးတပ်ဖွဲ့ကို လျင်မြန်စွာ ချေမှုန်းကာ အလက်ဇန္ဒား လူကာရှင်ကိုကို ဖမ်းဆီးခဲ့သည်ဟု ဖော်ပြထားသည်။ စစ်ဆင်ရေးသည် အလွန်လျင်မြန်ပြီး ပြင်းထန်ခဲ့သည်ဟု ဆိုသည်။ အထူးတပ်ဖွဲ့များသည် အာဏာရှင်၏ ကိုယ်ရံတော်များနှင့် အချိန်တိုအတွင်း ပြင်းထန်သော ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အခြေအနေတစ်ရပ်လုံးကို ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက် လူကာရှင်ကိုကို ဖမ်းဆီးကာ ရဟတ်ယာဉ်ဖြင့် ယူကရိန်းဘက်သို့ အရေးပေါ် ရွှေ့ပြောင်းခဲ့သည်ဟု ဖော်ပြထားသည်။”

အချက်အလက်စိစစ်ချက်
ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုပြီး ရှာဖွေကြည့်မယ်ဆိုရင် ဒီဓာတ်ပုံကို ဖေ့စ်ဘွတ်နဲ့ x.com မှာ လူမှုကွန်ယက်အသုံးပြုသူတချို့က ဖြန့်ဝေနေတာတွေ့ရပေမဲ့ ယုံကြည်ရလောက်တဲ့ သတင်းဌာနတွေမှာ ဖော်ပြချက် တစုံတရာမရှိပါဘူး။
ဘီလာရုစ်သမ္မတလူကာရှန်ကိုကို ဥရောပရဲ့ အာဏာရှင်အဖြစ် တင်စားကြပြီး ရုရှားသမ္မတ ပူတင်ရဲ့ အဓိက မဟာမိတ်တဦးလည်းဖြစ်တယ်။ ရုရှားအစိုးရဟာ ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်စဉ်မှာ ဘီလာရုစ်နိုင်ငံကနေ တဆင့် တပ်ဖြန့်ပြီး တိုက်ခိုက်ခဲ့မှုကြောင့် ဆက်ဆံရေးအဆိုးရွားဆုံးအခြေအနေမှာ ရောက်ရှိနေပါတယ်။ ဒါပေမဲ့ ရုရှားဘက်ကနေ စစ်ကူတိုက်မှာမဟုတ်ဘူးလို့ လူကာရှင်ကိုက ပြောလေ့ရှိတယ်။ သူဟာ မကြာသေး ခင်ကလည်း မြန်မာနိုင်ငံက သမ္မတတဖြစ်လဲ စစ်ခေါင်းဆောင်ကို လာရောက်တွေ့ ဆုံခဲ့ပါသေးတယ်။
ထပ်မံပြီး ဓာတ်ပုံကိုပဲ အဓိကထားဆန်းစစ်ကြည့်ကြမယ်ဆိုရင်လည်း ဒီဓာတ်ပုံဟာ AI အသုံးပြုပြီး ဖန်းတီးထားတဲ့ ဓာတ်ပုံဖြစ်ဖွယ်ရှိတဲ့အထောက်အထားတွေ့ရပါတယ်။ ဥပမာအားဖြင့် Google ရဲ့ Gemini ပလက်ဖောင်းရဲ့ အမှတ်တံဆိပ်ကို ဓာတ်ပုံရဲ့ ညာဘက်အောက်ခြေမှာ တွေ့ရပါတယ်။ ဒီလိုပဲ ယူကရိန်းအမျိုးသား ထောက်လှမ်းရေး(SBU)ရဲ့ အဖွဲ့ဝင်ရဲ့ လက်မောင်းဘက်တံဆိပ်မှာ ပီသခြင်းမရှိတာ၊ လူကာရှန်ကိုနောက်က လက်ထိပ်ကွင်းဟာ တွဲလက်ကျနေတာစတဲ့ AI နဲ့ဖန်တီးတဲ့ ဓာတ်ပုံတွေမှာ တွေ့ရလေ့ရှိတဲ့ သံသယဖြစ်ဖွယ်တွေလည်း တွေ့ရပါတယ်။

ဒီဓာတ်ပုံဟာ Google AI တမျိုးမျိုးကို အသုံးပြုဖန်တီးထားခြင်းရှိမရှိ စစ်ဆေးနိုင်တဲ့ SynthID နဲ့စစ်ဆေး ကြည့်ရာမှာတော့ ဒီဓာတ်ပုံဟာ Google AI နဲ့ဖန်တီးထားတဲ့ ဓာတ်ပုံဖြစ်တာ အတည်ပြုနိုင်ခဲ့ပါတယ်။

သုံးသပ်ချက်
ယူကရိန်းနိုင်ငံရဲ့ ထောက်လှမ်းရေးတပ်ဖွဲ့က ဘီလာရုစ်သမ္မတ လူကာရှင်ကိုကို သူ့နိုင်ငံထဲအထိ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုအကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက် အထောက်အထားမရှိပါဘူး။ လူကာချန်ကိုကို ထောက်လှမ်းရေးအဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင် သွားတဲ့ ဓာတ်ပုံဟာလည်း AI အသုံးပြုဖန်တီးထားခြင်းဖြစ်ပြီး အပြင်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် မဟုတ်ပါဘူး။

