ဩဂုတ်လ ၇ ရက်က ဘန်ကောက်မြို့ အနီးက ဒက်ဘ်ဆီရင် နွန်သဘူရီ(Debsirin Nonthaburi) ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ဝမ်းနည်းဖွယ်ပစ်ခတ်မှုမှာ အသက် ၁၄ နှစ်အရွယ် ပစ်ခတ်သူအပါအဝင် ၉ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ ဒီသတင်းဟာ မြန်မာဘာသာနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပြောဆိုမျှဝေမှုများပြားခြင်းနဲ့အတူ ကောလာဟတွေလည်း ပျံ့နှံ့နေပါတယ်။
အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှု အားကောင်းနေတဲ့ သံသယရှိသူ၊ ၎င်းရဲ့ မိသားစုနဲ့ ပတ်သက်ပြီးအတည်ပြုချက်မရှိတဲ့ ကောလာဟလတခုရဲ့ ပြောဆိုမျှဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ ပြောဆိုမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။
“မနေ့က စာသင်ကျောင်းမှာဖြစ်သွားတာ အားလုံးသိပြီး ဖြစ်မှာပါ။ ဒီထဲမှာမှ ကျူးလွန်သူကျောင်းသားရဲ့ သူအမေနဲ့နောက်ဆုံး စကားပြောခဲ့တဲ့ screen shot ကို စိတ်၀င်စားစရာေတွတွေ့ရတယ်။
” သား၊ ဒီနေ့ ကျောင်းမှာ သူများတွေ ထပ်ပြီးအစခံရတယ်
သား အမေနဲ့အနီးနားက ကျောင်းကို ပြောင်းပေးလို့ရလား
အမေ၊ ဘာလို့ပြောင်းရမှာလဲ အဲ့မှာပဲဆက်နေပါ
သူများစလည်း စပါစေပေါ့ ပြသနာကောင်မဖြစ်စေနဲ့
သား၊ ဘာပဲပြောပြောဆူတော့တာပဲ ဘာမှအကူညီမရဘူး စောင့်ကြည့်နော် တစ်အိမ်လုံးကို ပစ်သ၊တ်ပစ်မယ်
ဘာအကူညီမှမရရင်တော့ ကိုယ့်ဖာသာကိုဖြေရှင်းမယ် တစ်ကျောင်းလုံးကို ပစ်သ၊တ်ပစ်မယ် အိမ်ကလူလည်း ချန်မထားဘူး ငါအဲ့လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ထင်လဲ
အမေ၊ လုပ်ရဲရင်လုပ်လေ အဖိုး၊ေသနတ်လည်းရှိတာပဲ လုပ်လေတဲ့။ “
ကျောင်းမှာ အုပ်စုလိုက် အစခံရ အနောက်ခံရ အနိုင်ကျင့်ခံရပြီး ကျောင်းက ဆရာ၊ဆရာမတွေကို တိုင်တော့လည်း အရေးမယူ အုပ်ထိန်းသူအမေကို ကျောင်းပြောင်းဖို့ပြောတော့လည်း အမေကပဲ သူ့ကို အရှုပ်ထုပ်လို ပြသနာကောင်လိုပြောတော့ သူ့စိတ်တွေကို မထိန်းနိုင်မသိမ်းဖြစ်ပြီး လုပ်ချင်တာတွေ လုပ်လိုက်တယ်လို့ထင်မိတယ်။
ကျောင်းသားအရွယ် စတာနောက်တာတွေက သဘာ၀ဆိုပေမယ့် အလွန်အကြွံဖြစ်လာရင်ဝော့ အစနောက်ခံရတဲ့သူတွေက နာကျည်းပြီးစိတ်ထင်ရာတွေ လုပ်နိုင်တာမို့ ဆရာဆရာမတွေ အုပ်ထိန်းသူမိဘတို့ အရေးထားရမယ် အကြောင်းတွေကို ဒီကျောင်းသားလေးအမှုက မီးမောင်းထိုးပြလိုက်တာပါပဲ ။”

အချက်အလက်စိစစ်ချက်
အခုလို ပစ်ခတ်မှုဘာကြောင့်လုပ်ခဲ့သလဲဆိုတာနဲ့ တိုက်ခိုက်သူဟာ ဘယ်သူလဲဆိုတာကိုလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုချက်မရှိသေးပါဘူး။ ဓာတ်ပုံပါ ကျောင်းဝတ်စုံနဲ့ လူငယ်ဟာ ပစ်ခတ်မှုပြုလုပ်ခဲ့သူဆိုတော့ သတင်းဖော်ပြချက်တွေအရ တွေ့ရပါတယ်။ (ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ)
ဒါပေမဲ့ ထိုင်းနိုင်ငံမှာ အသုံးပြုမှုများပြားတဲ့ Line App က စကားပြောခန်းပုံစံနဲ့ စခရင်ရှော့ဓာတ်ပုံပါ စကားပြောခန်းဟာ အခင်းမဖြစ်မီ ပစ်ခတ်မှုလုပ်ခဲ့သူနဲ့ မိခင်တို့အကြား စကားပြောမှတ်တမ်းဆိုတဲ့ တရားဝင်အတည်ပြုချက် မရှိတာ တွေ့ရပြီး သတင်းတုသာဖြစ်တယ်လို့ ထိုင်းအခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ Amarin TV ကဖော်ပြတယ်။
အခုလို လူမှုမီဒီယာမှာ ပျံ့နှံ့နေတဲ့ စကားပြောမှတ်တမ်းနဲ့ ပတ်သက်ပြီး သတိမထားမိဘူးလို့လည်း ပစ်ခတ်ခဲ့သူ ကျောင်းသားရဲ့ ဦးလေးက ပြောကြောင်း နောက်ထပ် ထိုင်းအခြေစိုက် Nation Thailand သတင်းကလည်း ဖော်ပြပါတယ်။

သုံးသပ်ချက်
ဘန်ကောက်မြို့ အနီးက ဒက်ဘ်ဆီရင် နွန်သဘူရီကျောင်းပစ်ခတ်မှုမှာ အခင်းမဖြစ်မီ ပစ်ခတ်မှုလုပ်ခဲ့သူက မိခင်နဲ့ စကားပြောခဲ့တဲ့ စခရင်ရှော့ဓာတ်ပုံဟာ တရားဝင်အတည်ပြုချက်မရှိချိန်မှာ ထိုင်းအခြေစိုက် သတင်းဌာနတခုက လည်း သတင်းတုသာဖြစ်ပြီး ပြန်လည်မျှဝေတာ မလုပ်ဖို့ အသိပေးထားတယ်။ ဒီအပြင် ပစ်ခတ်ခဲ့တဲ့ ကျောင်းသားရဲ့ ဦးလေးဖြစ်သူကလည်း ဒီလို စကားပြောဆိုခဲ့တဲ့ စခရင်ရှော့ပါ စာသားတွေနဲ့ ပတ်သက်ပြီး သတိမပြုမိဘူးလို့ ပြောဆိုထားပြီး ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေက ပျံ့နှံ့မှုမဟုတ်တာလည်း တွေ့ရပါတယ်။

