နေ့စားခအပြည့်မရတဲ့အတွက် ပြည်ခိုင်ဖြိုးဆိုင်းဘုတ်တွေ ဖြုတ်ချခံရတယ်ဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေစတင်ခဲ့မှုနဲ့အတူ ပါတီအသီးသီးက ရွေးကောက်ပွဲ စည်းရုံးမှုအဖြစ် ကိုယ်စားလှယ်လောင်းဆိုင်းဘုတ် စိုက်ထူမှုတွေ အပြိုင်ဆိုင်ဆောင်ရွက်ချိန် လည်းဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ “ဝန်းသိုမှာဖြစ်သွားတာတဲ့ နေ့စားခပေးတာ နည်းလို့ဆိုပြီး ဆိုင်းဘုတ်ကြီး တွန်းလှဲပစ်ကြ တာ” ဆိုပြီးတော့ “‎Kaung Myat Hmue Eain‎”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “ပြည်ခိုင်ဖြိုးပါတီချစ်သူများ USDP GROUP”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ အောက်ပါ အတိုင်းမျှဝေထားပါတယ်။

Fb linkArchive link

အလားတူ “မိထ္ထီလာမှာတော့ နေ့စားခ ငါးထောင်ပေးမယ်ပြောပြီး၂၀၀၀ပဲပေးလို့ သန်ဌေးပုံပါတဲ့ဆိုင်းဘုတ်ကို ဝိုင်းဖျက်ဆီးလိုက်ကြပြီ”ဆိုပြီးတော့လည်း “Apoi Lo”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထား တာတွေ့ရပါတယ်။  ဒီပို့စ်တွေအောက်မှာ မှတ်ချက်တွေကို ကြည့်မယ်ဆိုရင် နိုင်ငံရေးအောက်လုံးထိုးမှု အဖြစ်ပြောဆိုနေကြတဲ့ မှတ်ချက်တွေအများအပြားလည်းတွေ့ရပါတယ်။

ရွေးကောက်ပွဲဆိုင်းဘုတ်တွေကိုအမှန်တကယ်ဖျက်ဆီးခံရတဲ့ အခြေအနေမျိုးလည်းရှိခဲ့တာကို ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တွေ့ရပါတယ်။ အခုလည်း နေ့စားခပေးတာအငြင်းပွားပြီးအခုလို ဆိုင်းဘုတ်ကို ဖျက်ဆီးတယ် ဆိုတာ ဟုတ်ပါသလား။ 

အချက်အလက်စိစစ်ချက်

Kaung Myat Hmue Eain”အမည်နဲ့ဖေ့စ်ဘွတ်အကောင့်ဟာ ပြည်ခိုင်ဖြိုးပါတီ လိုဂိုကို ပုံဖျက်ထားတဲ့ profile ပုံကို တင်ထားပြီး အကောင့်မျက်နှာဖုံးဓာတ်ပုံမှာ NLD အလံကို တင်ထားတာတွေ့ရပြီး ဒီအကောင့်ဟာ သူ့ရဲ့ timeline မှာလည်း ပြည်ခိုင်ဖြိုးနဲ့ပတ်သက်ပြီး ပုံဖျက်ထားတဲ့ သတင်းတွေ တင်ထားတွေ့ရပါတယ်။

ဒီလို နေ့စားခအတွက် ဆိုင်းဘုတ်ဖြုတ်ချတဲ့ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်ကို Fact Crescendo Myanmar က တယ်လီဖုန်းနဲ့ ဆက်သွယ် အတည်ပြုခဲ့ရာမှာ အောက်ပါအတိုင်း ပြောကြားပါတယ်။

 “ဒီကာလက ပြည်သူတွေအနေနဲ့ တိုင်းပြည်နဲ့လူမျိုးအတွက် တကယ်ကို အရည်အချင်းရှိရှိ ကိုယ်ကျင့်တရား ကောင်းကောင်း၊ နောက်တစ်ခါ အတွေ့အကြုံရှိရှိနဲ့ တိုင်းပြည်ကို အလုပ်အကျွေးပြုနိုင်မယ့် ကိုယ်စား လှယ်ကောင်းတွေကို ရွေးချယ်ပေးရမယ့် အချိန်ဖြစ်တယ်။ ဒီလိုအချိန်မှာ ကျွန်တော်တို့ပါတီအနေနဲ့တော့ အဲဒီလို အလုပ်တွေမလုပ်ဘူး။ တစ်ချို့ ပါတီရဲ့ ပုံရိပ်ထိခိုက်အောင် ကိုယ်စားလှယ်တွေရဲ့ ပုံရိပ်ထိခိုက်အောင် အောက်တန်း ကျတဲ့ နည်းလမ်းတွေနဲ့ အသုံးပြုပြီးလုပ်နေတဲ့ လုပ်ရပ်တွေပေါ်မှာ ကျွန်တော်တို့ ဘာမှ လိုက်ပြီးခံစားမနေဘူး။ ကျွန်တော်တို့ကတော့လေ ဒါကြီးအပေါ်မှာလည်း သိပ်ပြီးတော့ ဘာမှမရှိဘူး။ လုပ်နေကြမှာပဲ ဆိုလိုချင်တာ ကတော့လေ။ အောက်တန်းကျတဲ့သူတွေကတော့ လုပ်နေကြမှာပဲ။ နိုင်ငံရေးအောက်လုံးထိုးတဲ့နည်းလမ်းတွေ လူပုဂ္ဂိုလ်သော်လည်းကောင်း အဖွဲ့အစည်းကိုသော်လည်းကောင်း၊ အဲဒီလိုလုပ်တဲ့သူတွေက ဘယ်သူတွေလဲဆိုတာ ပြည်သူတွေလည်း သိပြီးသား။ အဲဒီအပေါ်မှာ ကျွန်တော်တို့ ပြန်ပြီးတော့ ဖြေရှင်းနေဖို့လည်း အချိန်မရှိဘူး။ ပွင့်ပွင့် လင်းလင်းပြောရရင် ဆရာပြောတဲ့ ကိစ္စ နှစ်ခုလုံး ကျွန်တော် မသိဘူး။ ကြားလည်းမကြားဘူး။ တွေ့လည်း မတွေ့ဘူး။ သို့သော် အဲလိုဟုတ်တယ်ဟေ့ဆိုရင်လည်း ပြည်ခိုင်ဖြိုးက လူတွေ မလုပ်ဘူး။ ပြည်ခိုင်ဖြိုးကို သိက္ခာကျအောင် အောက်တန်းနည်းနဲ့ လုပ်ကြတဲ့သူတွေပဲဖြစ်မယ်။ ဒါပေမဲ့ ပြည်သူတွေလည်း အဲလောက်ထိ မညံ့ဘူး။ မအဘူး။ ကျွန်တော်ကတော့ အဲဒါကို အရေးရာလုပ်ပြီး ဦးနှောက်ထဲမှာကို မထည့်ဘူး”လို့ ပြန်လည် ဖြေကြားပါတယ်။

အခုလိုမျှဝေနေတဲ့ပုံဟာ ဝန်းသိုက ဆိုင်းဘုတ်လို့ပြောထားပေမဲ့ ဘယ်နေရာက ဆိုင်းဘုတ်ဖြစ်တယ်လို့ အသေးစိတ်ဖော်ပြထားခြင်းတော့မရှိပါဘူး။ ပြည်ခိုင်ဖြိုးပါတီဟာ ဝန်းသို လက်ပန်ကျင်းရွာမှာ ဆိုင်းဘုတ်တိုင် မထောင်ခင်မှာ ဆိုင်းဘုတ်ကို ဒီလိုပဲ လှဲထားပြီး နံ့သာပတ်ဖြန်းတဲ့သဘောမျိုးလုပ်တာမျိုးရှိပါတယ်။ အောက်ပါ လင့်ခ်မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။

အခြားသော သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာလည်း ဒီလိုနေ့စားခအတွက် ဆိုင်းဘုတ်ဖြုတ်ချတယ်ဆိုတဲ့ သတင်းမျိုးမတွေ့ရှိရပါဘူး။

သုံးသပ်ချက်

အထက်ပါ အချက်အလက်အရ ဝန်းသိုနဲ့ မိတ္ထီလာမှာ နေ့စားခပေးတာနည်းတဲ့အတွက် ပြည်ခိုင်ဖြိုးပါတီဆိုင်း ဘုတ်ကို ဖြုတ်ချတယ်ဆိုတဲ့အချက်ကို သတင်းတုသတင်းမှားအဖြစ် သတ်မှတ်ပါတယ်။

Avatar

Title:နေ့စားခအပြည့်မရတဲ့အတွက် ပြည်ခိုင်ဖြိုးဆိုင်းဘုတ်တွေ ဖြုတ်ချခံရတယ်ဆိုတဲ့ သတင်းတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *