
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ မဲပေးထားတဲ့ ကြိုတင်မဲ အရေအတွက်တွေနဲ့ပတ်သက်တဲ့ကိန်းဂဏန်းအဖြစ် လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ထိုင်းကြိုတင်မဲ၊ ကိုရီးယားကြိုတင်မဲ၊ ဘရှုနိုင်ကြိုတင်မဲစသည်ဖြင့် နိုင်ငံအသီးသီးက ကြိုတင်မဲရလာဒ်တွေအဖြစ်ဖော်ပြနေတာတွေ့ရပါတယ်။
ဒီအချက်အလက်ဟာ အချက်အလက်မှားဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ လက်ရှိအချိန်(အောက်တိုဘာ ၈ ရက်နေ့)အထိ နိုင်ငံရပ်ခြားရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေဟာ ဆန္ဒမဲပေးခြင်းပြီးဆုံးခြင်းမရှိသေးသလို ကြိုတင်မဲဆန္ဒပြုထားတဲ့ စာအိတ်ဟာ သံရုံးတွေမှာ ဖွင့်ဖောက် ရေတွက်မှာမဟုတ်ဘဲ သက်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေထံ ရောက်ရှိသွားမှာဖြစ်ပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေကို ထင်ယောင်ထင်မှားဖြစ်စေတဲ့ ဒီအချက်အလက်တွေကို “ဒီအတိုင်းသာ မှန်လို့ကတော့ ၂၀၂၀မှာ မွှေစိန်မ သား/သမီးတွေ ခွက်ပျောက်ပြီမှတ်။ crd#”စသည့်ဖြင့် ရေးသားပြီး ပြည်ပကြိုတင်မဲစုစုပေါင်းနဲ့ နိုင်ငံအလိုက်ရရှိတဲ့ကြိုတင်မဲ အရေအတွက်အဖြစ် Screenshotရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ ပို့စ်တင်ထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် –FB Link | Archive Link
အချက်အလက်စိစစ်ချက်
မြန်မာနိုင်ငံနေရာအနှံ့အပြားကနေ ပြည်ပနိုင်ငံအသီးသီးကို ရွေးကောက်ပွဲကာလအတွင်း ရောက်ရှိနေသူတွေဟာ မိမိတို့နေထိုင်ခဲ့ရာ မြို့နယ်/မဲဆန္ဒနယ်တွေမှာ ဝင်ရောက်အရွေးချယ်ခံမဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို လက်ရှိမိမိတို့နေထိုင််ရာ နိုင်ငံရဲ့ မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေကနေတဆင့် ကြိုတင်မဲပေးရမှာဖြစ်ပါတယ်။
ဒီလိုရရှိလာတဲ့ကြိုတင်မဲတွေကို သံရုံးနဲ့ကောင်စစ်ဝန်ရုံးတာရှိသူတွေက ချိတ်ပိတ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့ရမှာဖြစ်ပါတယ်။ နိုင်ငံခြားဝန်ကြီးဌာနကလည်း လက်ခံရရှိတဲ့ ချိတ်ပိတ်ကြိုတင်မဲလက်မှတ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ထပ်မံလွှဲအပ်ကာ ကော်မရှင်က သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲတွေကို ထပ်မံလွှဲအပ်ရမှာပါ။ ဒီလိုအဆင့်ဆင့်မှာ သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲရက်မတိုင်မီ ချိတ်ပိတ်ထားတဲ့ ကြိုတင်မဲတွေကို ဘယ်သူမှဖွင့်ဖောက်ကြည့်ရှူ့ခွင့်မရှိပါဘူး။
အထက်ပါကြိုတင်မဲအရေအတွက်ရလာဒ်နဲ့ကတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ဝဘ်ဆိုဒ်ကို ဝင်ကြည့်မယ်ဆိုရင် မဲဆန္ဒရှင်များဆိုတဲ့ အခန်းကဏ္ဍရဲ့ ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်မဲပေးခြင်းဆိုတဲ့ အပိုဒ်မှာ ပြည်ပရောက်သူတွေပေးလိုက်တဲ့ ကြိုတင်မဲတွေကို သက်ဆိုင်ရာသံရုံးနဲ့ ကောင်စစ်ဝန်ရုံးတာဝန်ရှိသူတွေရဲ့ ဆက်လက်လုပ်ဆောင်ရမဲ့တာဝန်တွေနဲ့ လုပ်ငန်းအဆင့်ဆင့်ကို ဖော်ပြထားတာတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

မူရင်းလင်ခ့် –UEC | Archive Link
လက်ရှိအချိန် အောက်တိုဘာလ ၈ ရက်နေ့ထိတော့ နိုင်ငံတချို့က ကြိုတင်မဲပေးတာမှာ Covid- 19ရောဂါ အခြေအနေအရ လူစုလူဝေးမဖြစ်အောင် စီစဉ်နေရတာကြောင့် ကြိုတင်မဲပေးမှု မပြီးသေးတာကိုတွေ့ရပါတယ်။ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးမှာတော့ ကိုရီးယားရောက် မြန်မာနိုင်ငံသားများ အဆင်ပြေပြေ မဲလာရောက်ပေးနိုင်ဖို့ အောက်တိုဘာလ ၂ရက်နေ့ကနေ ၁၂ ရက်နေ့ထိ မဲရုံဖွင့်ထားမှာဖြစ်တဲ့အကြောင်း ကြောငြာထားတာတွေ့ရပါတယ်။ အလားတူ ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးကလည်း အောက်တိုဘာလ ၃ရက်နေ့ကနေ ၁၄ရက်နေ့ထိ မဲရုံဖွင့်လှစ်ထားမဲ့အကြောင်းကြေငြာထားပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ကြိုတင်မဲရလာဒ်ဟာ ရွေးကော်ကပွဲရက်မတိုင်မီ ကြိုတင်သိရှိခွင့် မရှိတာတွေ့ရသလို ပြည်ပနိုင်ငံအသီးသီးမှာ ကြိုတင်မဲပေးဆဲကာလဖြစ်တာတွေ့ရတဲ့အတွက် အခုလို ရေးသားဖော်ပြနေတာဟာ အချက်လက်အမှားတွေသာ ဖြစ်ပါတယ်။