
“ပြင်းထန်စွာ ရှုတ်ချခြင်း”လို့ ခေါင်းစဉ်တပ်ထားပြီး မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း (MCIA) က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ကန့်ကွက်တယ်ဆိုတဲ့ ရုံးစာအတု လူမှု ကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်အများစုမှာ USDP(ရန်ကုန်ရုံး)က ရွေးကောက်ပွဲရလာဒ်နဲ့ပတ်သက်ပြီးသတင်းစာ ရှင်းလင်းစဉ် မှာ မဲရုံမှူးအဖြစ်ဆောင်ရွက်တဲ့ဆရာ၊ဆရာမတွေကိုလည်းစွပ်စွဲ ပြစ်တင်ခဲ့တဲ့ စာကြောင်းဟာ ကွန်ပျူတာတာဝန်ခံ ရဲ့အမှားကြောင့်လို့ ထုတ်ပြန်အပြီးမှာ ဒီအမှားဟာ ကွန်ပျူတာစာစီစာရိုက်သူများသမိုင်းမှာ မရှိတဲ့သမိုင်းဖြစ်တဲ့အတွက် အပြင်အထန်ရှုတ်ချတယ်လို့ ကွန်ပျူတာအသင်းက ထုတ်ပြန်တယ်ဆိုပြီးတော့ ရေးသားမျှဝေနေတာဖြစ်ပါတယ်။
အခုလို မျှဝေပြောဆိုချက်ဟာ အသင်းနှင့်သက်ဆိုင်ခြင်းမရှိဘဲ ရုံးစာအတုဖြစ်တယ်လို့ မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း (MCIA) ကပြန်လည်ထုတ်ပြန်ရှင်းလင်းခဲ့ပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့ခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အခုလို လူမှုကွန်ယက်မှာ မျှဝေနေတဲ့ ရုံးစာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း (MCIA) က “သတင်းထုတ်ပြန်ချက်”ခေါင်းစဉ်ဖြင့် အောက်ပါအတိုင်း ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။
၁။ ၁၁-၁၁-၂၀၂၀ ရက်နေ့ နေ့စွဲဖြင့် “ပြင်းထန်စွာ ရှုတ်ချခြင်း” အကြောင်းအရာဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း (MCIA) မှ ထုတ်ပြန်သည့် စာ အဖြစ် ထင်ယောင်ထင်မှား ဖြစ်စေမည့် စာအတု တစ်စောင် အင်တာနက်ပေါ်တွင် ပြန့်နှံ့လျက် ရှိနေပါသည်။
၂။ မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း သည် အစိုးရအဖွဲ့အစည်း မဟုတ်သော၊ အကျိုးအမြတ်မယူသော လူမှုအဖွဲ့အစည်း(NGO) ဖြစ်ပြီး၊ နိုင်ငံကောင်းကျိုး၊ ပြည်သူကောင်းကျိုး နှင့် industry ကောင်းကျိုးကို ဦးတည်ဆောင်ရွက်နေသော အသင်းဖြစ်သည့်အားလျော်စွာ၊ ပါတီနိုင်ငံရေး မလုပ်သည့် အဖွဲ့အစည်းအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လျက် ရှိပါသည်။
၃။ ယခုကဲ့သို့ စာရွက်စာတမ်း အတုပြုလုပ်ခြင်းသည် ပြစ်မှုဆိုင်ရာ ဥပဒေကို ချိုးဖောက်မှုတစ်ရပ် ဖြစ်သည်။
၄။ အသင်းဝင် လုပ်ငန်းရှင်များအားလုံးနှင့် ပြည်သူအများ အဖြစ်မှန်ကို သိသာနိုင်ပါရန် ဤကြေငြာချက်ကို ထုတ်ပြန်လိုက်သည်။ သို့ဖြစ်ပါ၍ ယခု မဟုတ်မမှန်တင်ထားသော post များကိုချက်ချင်း ဖြုတ်ချပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အသင်း၏ တရားဝင် ထုတ်ပြန်ချက် ကြေညာချက်များကို အတည်ပြု စစ်ဆေး သိရှိလိုပါက အသင်း၏ တရားဝင် web site ဖြစ်သည့် www.mcia.org.mm တွင်သာ ဖတ်ရှုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မူရင်းလင်ခ့် – MCIA | Archive link
USDP(ရန်ကုန်ရုံး)ရဲ့ သတင်းစာရှင်းလင်းပွဲကို ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ စွပ်စွဲပြောဆိုချက်တွေနဲ့ပတ်သက်ပြီး USDP ပါတီကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာများ အဖွဲ့ချုပ်က တောင်းပန်ဖို့ ထုတ်ပြန်ခဲ့တဲ့ သတင်းနဲ့ ပါတီက ပြန်လည်တောင်းပန်ခိုင်းခဲ့တဲ့ သတင်းကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ဖတ်ရှူ့နိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း (MCIA) မှ ထုတ်ပြန်သည့် စာ အဖြစ်မျှဝေနေတဲ့ ရုံးစာဟာ အသင်းက ထုတ်ပြန်ခဲ့ခြင်းမဟုတ်တာတွေ့ရပါတယ်။

Title:USDP ပါတီကို ကွန်ပျူတာလုပ်ငန်းရှင်အသင်း ပြင်းထန်စွာ ကန့်ကွက်ဆိုတဲ့ ရုံစာအတု
Fact Check By: Nayar MaungResult: False