Fact Check: မြောက်ဉက္ကလာပမှာ ထည့်မရေတွက်ရသေးတဲ့ မဲ ၄၀၀၀၀ ကျော်ဖမ်းမိတယ်လို့ သတင်းမှားဖြန့်

False နိုင်ငံရေး | Politics

မြောက်ဉက္ကလာပမြို့နယ်မှာ ထည့်သွင်းရေတွက်ရခြင်းမရှိသေးတဲ့ မဲပေါင်း ၄၀၀၀၀ ကျော်ဖမ်းမိတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု လူမှု ကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။

ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုပို့စ်မှာ ထည့်သွင်းရေတွက်ရခြင်းမရှိသေးတဲ့ မဲပေါင်း ၄၀၀၀၀ ကျော်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကနေသတင်းရပြီး ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာမှာ ရွေးကောက်ပွဲကော်မရှင် ရုံးခန်းထဲမှာ ဖမ်းမိခဲ့တယ်လို့ ပြောကြားထားပါတယ်။ ဗွီဒီယိုထဲမှာ ရဲတွေက မဲစာအိတ်လို့ထင်ရတဲ့ စာအိတ်တွေကို တစ်ခုချင်းဖွင့်နေတာတွေ့ရပြီး နံဘေးမှာ အမျိုးသမီးတစ်ဦးက မဲစာရွက် အိတ်ထဲက ထွက်လာတိုင်း ကန့်ကွက်တယ်ဆိုပြီးတော့ ပြောဆိုသံလည်းကြားရပါတယ်။

ဒီဖြစ်စဉ်ဟာ ဖြစ်ပျက်ခဲ့တာမှန်ပေမဲ့ မဲပေါင်း ၄၀၀၀၀ ကျော်တွေ့ရှိသည်မှာ မဟုတ်ဘဲ ဆန္ဒပြုထားတယ်လို့ မဲစာအိတ်နဲ့ ယူဆရတဲ့ စာရွက် ၁၀ ရွက်တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အတည်ပြုထားတာကို Fact Crescendo Myanmar ကတွေ့ ရှိရပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေအကြားနာလည်းမှုလွဲမှာစေနိုင်တဲ့ ရုပ်သံဗွီဒီယိုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

မြောက်ဉက္ကလာပမြို့နယ် ကျောက်ရေတွင်းရပ်ကွက်ရှိ ရပ်ကွက်ကော်မရှင်ရုံးစာပွဲပေါ်တွင် ထည့်သွင်းမရေတွက်ရ သေးသော မဲများတွေ့ရှိရတယ်ဆိုတဲ့ ဖြစ်စဉ်က မှန်ကန်သော်လည်း  မဲပေါင်း ၄၀၀၀၀ ကျော်တွေ့ရှိရတယ်ဆိုတဲ့ အချက်အလက်ဟာ မှန်ကန်ခြင်းမရှိတာတွေ့ရပါတယ်။ 

ဗွီဒီယိုဟာ ရပ်ကွပ်ရွေးကောက်ပွဲ ကော်မရှင်ရုံးအဖြစ်ဆောင်ရွက်ခဲ့တဲ့နေရာက စက္ကူပုံးတစ်ခုအတွင်းမှာ စာအိတ်အလွတ်တွေ ကို သတင်းပေးတိုင်ကြားချက်အရ မြို့နယ်အုပ်ချုပ်ရေးမှူး၊ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာရွေး ကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်ရာကိုယ်စားလှယ်တွေ သွားရောက်စစ်ဆေးခဲ့တဲ့ဖြစ်စဉ်ဖြစ်တာဖြစ်ပါတယ်။  စုစုပေါင်း ဆန္ဒမဲ ပေးထားတယ်လို့ ယူဆရတဲ့ မဲစာရွက်ပါဝင်တဲ့ မဲစာအိတ် ၁၀ တွေ့ရှိခဲ့ပြီး ထိုမဲ ၁၀ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆန္ဒပြုထားသည့် မဲ ၉ မဲဖြစ်နဲ့  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ဆန္ဒပြုထားသည့်မဲ ၁ မဲတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပြီး မြောက်ဉက္ကလာပမြို့နယ် အမှတ်(၂)ကနေ တိုင်းဒေသကြီးလွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဉီးနေလင်းအောင်ကလည်း အတည်ပြုထားတာတွေ့ရပါတယ်။

People Media က ထုတ်လွှင့်ခဲ့တဲ့ ဖေ့စ်ဘွတ် live ဗွီဒီယိုမှာ  ဦးနေလင်းအောင်က “မနေ့က ၁၂ ရက် ၁၁ လ ၂၀၂၀ ရက်နေ့မှာ ကျွန်တော်တို့ ကျောက်ရေတွင်းရပ်ကွပ်အုပ်ချုပ်ရေးမှူးရုံးအတွင်းမှာ ရပ်ကွက်ကော်မရှင်ရုံးစာပွဲပေါ်မှာ  မဲစာအိပ်တွေအမြောက်အများတင်ထားတာကို တွေ့ရတယ်လို့ သတင်းရပါတယ်။ ဒီလိုသတင်းရတဲ့အတွက် ကျွန်တော်က မြို့နယ်မှာ တာဝန်ရှိတဲ့ မြို့နယ်ကော်မတီဝင်များနဲ့ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ် လောင်းများကို ဆက်သွယ်ပြီးတော့ ကျွန်တော် ၉ နာရီ ၄၀ မှာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံကို သတင်းပေးခဲ့ပါတယ်။ အဲလိုသတင်းပေးတဲ့အခါမှာ မြို့နယ်အုပ်ချုပ်ရေးမှူးကနေပြီးတော့ မြောက်ဉက္ကလာပမြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ဉက္ကဌအိမ်ကို ဆက်သွယ်ခေါ်ယူခဲ့ပါတယ်။ အဲလို ဆက်သွယ်ခေါ်ယူခဲ့ပြီးတဲ့နောက်မှာ မြို့နယ်အုပ်ချုပ် ရေးမှူးကိုလည်း ဆက်သွယ်ပါတယ်။ ကျွန်တော်တို့အဖွဲ့သုံးဖွဲ့ စုံပြီးတော့ ကျောက်ရေတွင်းရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးအတွင်းမှာ ဝင်ပြီးတော့ ရပ်ကွက်ကော်မရှင်ရုံးကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ပါတယ်။ အဲလိုရှာဖွေခြင်းမပြုခင် မှာလည်း ကျောက်ရေတွင်းရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ဉက္ကဌကိုလည်း ဆက်သွယ်ခဲ့ပြီးတော့ သူရောက်ရှိမှပဲ ကျွန်တော်တို့ ရှာဖွေခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ ကျွန်တော်တို့က မဲစာအိတ် ၁၀ အိတ်ပေါ့။ အဲဒီမဲစာအိတ် ၁၀ အိတ်က ဒီအတိုင်းတော့မဟုတ်ပါဘူး။ အခြားမဲစာအိတ်အလွတ်တွေနဲ့ တစ်ပုံထဲမှာပဲရှိပြီးတော့ အဲဒီအပုံထဲမှာပဲ မဲစာအိတ် ၁၀ အိတ်ကိုတွေ့ရှိပြီးတော့ အဲဒီမဲစာအိတ် ၁၀ အိတ်ကို စစ်ဆေးတဲ့အခါမှာ ပြည်သူ့လွှတ်တော်အတွက် မဲစာအိတ်က ၂ အိတ်ပါ။ အမျိုးသားလွှတ်တော်အတွက်က ၂ အိတ်၊ တိုင်းရင်းသားမဲဆန္ဒနယ်အတွက် တစ်အိတ်၊ တိုင်းဒေသကြီးအတွက်က ၅ အိတ်။ အဲဒီ ၅ အိတ်ထဲမှာရှိတဲ့ မဲတွေကို ဖွင့်ဖောက်စစ်ဆေးတဲ့အခါမှာ NLD လိုဂိုနံဘေးမှာ UEC တံဆိပ်ပါတဲ့ ခပ်နှိပ်ထားတဲ့ မဲ ၉ စောင်တွေ့ရှိရပါတယ်။ ကျန်တဲ့နောက်တစ်ခုကတော့ ပြည်ခိုင်ဖြိုးကိုပေးတာတွေ့ရှိရပါတယ်။ အဆိုပါမဲလက်မှတ်တွေကို မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်ကော်မရှင်ဉက္ကဌတို့ စုပေါင်းတိုင်ပင်ပြီးတော့ အဲဒီမဲလက်မှတ်များကို ချိတ်ပိတ်သိမ်းဆည်းပြီးတော့ ကော်မရှင်ဉက္ကဌကိုပဲ အပ်နှံခဲ့ပါတယ်”လို့ ပြောဆိုခဲ့တာတွေ့ရပါတယ်။

မူရင်းလင်ခ့် –  People Media  |  Archive link

လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေနဲ့ပတ်သက်ပြီး Democracy Vision ဖေ့စ်ဘွတ်စာမျက်နှာ ရပ်ကွက် အုပ်ချုပ် ရေးရုံး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ကို မေးမြန်းထားတဲ့ မေးမြန်းချက်ကို လည်း အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ထို့အပြင် အခုလို မဲ ၄၀၀၀၀ ကျော်ဖမ်းမိတယ်လို့ သတင်းမှားဖြန့်တဲ့ ဗွီဒီယိုထဲမှာ နောက်ထပ်ဗွီဒီယိုတစ်ခုဖြစ်တဲ့ ဒဂုံမြို့နယ် ဘုရားကြီးမဲရုံတွင် မဲများကို ကိုယ်တိုင်တံဆိပ်တုံးထုတယ်ဆိုတဲ့ အချက်အလက်ဟာလည်း မှန်ကန်မှု မရှိကြောင်း သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ကို ဆက်သွယ်ပြီး ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်းမှား တွေကို စိစစ်နေတဲ့ Disinformation in Election စာမျက်နှာအတည်ပြုထားတာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ  မြောက်ဉက္ကလာပမြို့နယ်မှာ ထည့်သွင်းရေတွက်ရခြင်းမရှိသေးသော မဲပေါင်း ၄၀၀၀၀ ကျော်ဖမ်းမိတယ်ဆိုတဲ့အချက်အလက်ဟာ မှားယွင်းတာတွေ့ရပါတယ်။

Avatar

Title:မြောက်ဉက္ကလာပမှာ ထည့်မရေတွက်ရသေးတဲ့ မဲ ၄၀၀၀၀ ကျော်ဖမ်းမိတယ်လို့ သတင်းမှားဖြန့်

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *