Fact Check: ကယားမှာပစ်ချခံရတဲ့ ရဟတ်ယာဉ်အဖြစ် မျှဝေနေတဲ့ သတင်းမှား

False လူမှုရေး

ကယားမှာ ရဟတ်ယာဉ်တစ်စီးပစ်ချခံရမှုအဖြစ် ဓာတ်ပုံပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ကယားမှာ တင့်ကား ၂ စီးကို ဒီမောဆိုပြည်သူ့ကာကွယ်ရေးတပ်(KPDF)က ဖျက်ဆီးခဲ့ပြီး နောက်မှာ အခုလို ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့တာဖြစ်တယ်လို့ ရေးသားမျှဝေ နေတာ ဖြစ်ပါတယ်။ ကယားပြည်နယ် ဒီမောဆိုမှာ တင့်ကား ၂ စီးကို KPDFက ဖျက်ဆီးခဲ့တဲ့ သတင်းကို Khit Thit Media ရဲ့ ဒီလင့်ခ်မှာတွေ့ရပါတယ်။

သို့သော် ယခုရက်ပိုင်းအတွင်း ကယားဘက်မှာ ရဟတ်ယာဉ်ပစ်ခံရတယ်ဆိုတဲ့ သတင်းမျိုး လွတ်လပ်သော မီဒီယာတွေမှာ ရေးသားဖော်ပြချက် မတွေ့ရပါဘူး။ ဓာတ်ပုံဟာလည်း ၂၀၁၃ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်ပါတယ်။

 “ယို့..ယို့..ယိုး

ကယားပြည်နယ်လေးက

မနေ့က tink ကားနှစ်စီး

ဒီနေ့..helicopter တစ်စီး

လေးစားပြီလေ

👌👌👌

crd.”လို့ ရေးသားပြီး “Omega Ling” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ပြန်လည်မျှဝေမှု ၂ ထောင် ၈ ရာရှိပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

ဒီဓာတ်ပုံအင်တာနက်မှာပျံ့နှံ့ခဲ့မှုမှတ်တမ်းတွေကို Google မှာပုံရှာနည်းအသုံးပြုပြီး ရှာဖွေကြည့်ရာမှာ ဒီရဟတ်ယာဉ်ပျက်ကျမှုအဖြစ်ဖော်ပြနေတဲ့ပုံကို ၂၀၁၃ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့ခဲ့တာကို အောက်အတိုင်း တွေ့ရပါတယ်။

The Bharat Military Review အမည်နဲ့ ဘလော့စာမျက်နှာ ၂၀၁၃ ခုနှစ် အောက်တိုဘာမှာရေးသားတဲ့ အိန္ဒိယလေတပ်ရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် Mil Mi-35 Hind-E အကြောင်းပို့စ်မှာ ဒီဓာတ်ပုံတွေကို အသုံးပြုထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – The Bharat Military ReviewArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ကယားမှာ ရဟတ်ယာဉ်ပျက်ကျပုံအဖြစ် မျှဝေနေတဲ့ ဓာတ်ပုံဟာ ၂၀၁၃ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပြီး ကယားမှာ ပြည်သူ့ကာကွယ်ရေးတပ်က ရဟတ်ယာဉ် ပစ်ချခဲ့တယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။

Avatar

Title:ကယားမှာပစ်ချခံရတဲ့ ရဟတ်ယာဉ်အဖြစ် မျှဝေနေတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *