
ဂျင်း၊ပျားရည်၊ ငရုပ်ကောင်းသောက်ရင် ကိုဗစ်-၁၉(COVID-19)ပျောက်တယ်လို့ ရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြု ထောင်ပေါင်းများစွာက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ ကိုဗစ်-၁၉ ရောဂါကို ငရုပ်ကောင်း ၁ ဇွန်း၊ ပျားရည် ၂ ဇွန်းနဲ့ ဂျင်းအရည် ၃ ဇွန်းရောပြီး ၅ ရက်ဆက်တိုက်သောက်မယ်ဆိုရင် ရောဂါ ပျောက်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(World Health Organization- WHO)ကအတည်ပြုထားတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီနည်းလမ်းကို အိန္ဒိယနိုင်ငံက ကျောင်းသားတစ်ယောက်က တွေ့တာလို့လည်းရေးသား ထားပါတယ်။
ဒီလိုမျှဝေနေတာဟာ မှားယွင်းပါတယ်။ လက်ရှိအချိန်အထိ ကိုဗစ်ကုသဆေးအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုထားခြင်းမရှိပါဘူး။
“အိန္ဒိယနိုင်ငံ မွမ်ဗိုင်းမြို့(ဘုံဘေ)မှ အထက်တန်းဆင့်ကျောင်းသားလေး၏ ကြိုးပမ်းချက်။
ကိုဗစ်19 ကြိုတင်ကာကွယ်ရန်အတွက်အိမ်သုံးဆေး (၁) ငြုပ်ကောင်း.. ၁ ဇွန်း (၂) ပျားရည်…… ၂ ဇွန်း (၃) ဂျင်း အရည်…….. အနည်းငယ် ၅ ရက်ဆက်တိုက် ကြိုသောက်က ကိုဗစ်19 ရောဂါကို ၁၀၀% ကာကွယ်နိုင်သည်ဟုဆိုပါ သည်။ တကမ္ဘာလုံးစတင်အသုံးပြုနေပါပြီတဲ့
အထူးမှာ။။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်မှ အတည်ပြုထောက်ခံချက်ရထားပြီဖြစ်ပါသည်။”(မူရင်းအရေးအသား)လို့ ရေးသားပြီး “Maw Hein”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ဇူလိုင် ၁ ရက်ကမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၄ သောင်း ၃ ထောင်ရှိပါတယ်။ အလားတူ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အဓိကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေရာမှာ ဒီလို အိန္ဒိယက ကျောင်းသားတစ်ယောက်ဟာ ငရုပ်ကောင်း၊ ဂျင်းနဲ့ ပျားရည်ရောသောက်ရင် ကိုဗစ်-၁၉ ပျောက်ကင်းတယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ ပြီးခဲ့တဲ့နှစ်ကတည်းက အခြားသောဘာသာစကားတွေနဲ့ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့ဖူးပါတယ်။
ငရုပ်ကောင်းဟာ အစားအစာကို အရသာကောင်းအောင်လုပ်နိုင်ပေမဲ့ ကိုဗစ်-၁၉ ကို ကာကွယ် နိုင်တာ၊ ကုသနိုင်တာမရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၀ ခုနှစ် ဧပြီ ၂၁ ရက်က ထုတ်ပြန်ထားပါတယ်။ အကောင်းဆုံးကာကွယ်နိုင်တဲ့ နည်းလမ်းကတော့ အနည်းဆုံး တစ်မီတာအကွာမှာ နေထိုင်တာနဲ့ လက်ကို မကြာခဏဆေးကြောတာပဲဖြစ်ပါတယ်။

မူရင်းလင်ခ့် – WHO | Archive link
အန္တရာယ်မရှိတဲ့ အစားအစာတိုင်းဟာ စားသုံးသင့်ပေမဲ့ ဂျင်းကို ပျားရည်နဲ့ဖြစ်စေ အခြားသေား ပစ္စည်းနဲ့ဖြစ်စေ တွဲဖက်ပြီး စားသုံးခြင်းဟာ ကိုဗစ်ကို ကာကွယ်နိုင်တာ၊ ကုသနိုင်တာမျိုးမရှိမဟုတ်ဘူးလို့ ၂၀၂၀ ခုနှစ် ဧပြီလထဲမှာကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ် အစီအစဉ်ဆိုင်ရာ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမီချယ်ရိုင်ယန်က ပြောကြားထားပါတယ်။

ဂျင်းဟာ ကိုဗစ်ကို ကုသနိုင်တယ်ဆိုတာမဟုတ်ကြောင်း Fact Crescendo ကလည်း ၂၀၂၀ ခုနှစ် စက်တင်ဘာ ၁၅ ရက်က အချက်အလက်စိစစ်ဖော်ပြခဲ့ပါသေးတယ်။
ထို့အပြင် အိန္ဒိယနိုင်ငံ Pondicherry တက္ကသိုလ်က ကျောင်းသားတစ်ယောက်ဟာ ဂျင်း၊ပျားရည်၊ ငရုပ်ကောင်း သောက်ရင် ကိုဗစ်-၁၉ ရောဂါပျောက်တယ်လို့ တွေ့ရှိခဲ့ရပြီး ဒီနည်းလမ်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း အသိအမှတ်ပြုထားတယ်လို့ ရေးသားထားတဲ့ လူမှုကွန်ယက်ပို့စ်တွေဟာ နားလည်မှုလွဲမှားစေတာကြောင့် ဒီပို့စ်တွေကို ဖယ်ရှားပေးဖို့ အိန္ဒိယသတင်း အချက်အလက်နဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက လူမှုကွန်ယက် ကုမ္ပဏီတွေကို ယခုနှစ် ဧပြီလထဲမှာ တောင်းဆိုခဲ့ပါသေးတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဂျင်း၊ပျားရည်၊ ငရုပ်ကောင်းသောက်ရင် ကိုဗစ်-၁၉ပျောက်တယ်ဆိုတာ မဟုတ်ပါဘူး။

Title:ဂျင်း၊ပျားရည်၊ ငရုပ်ကောင်းအတူသောက်ရင် ကိုဗစ်ပျောက်တယ်ဆိုတာ မဟုတ်ပါ
Fact Check By: Nayar MaungResult: Misleading