
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက ဦးဝင်းထိန်က အကြမ်းဖက်မှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်ရှိတယ်ဆိုပြီးအပြစ်တင်ထားတဲ့သတင်းတု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ပုံနှိပ်သတင်းကို ဓာတ်ပုံရိုက်ထားဟန်ပို့စ်မှာ ဦးဝင်းထိန်က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၄ ရက်က နေပြည်တော် ဉတ္တရခရိုင်တရားရုံး ရုံးထုတ်အပြီးမှာ ပြောခဲ့တာလိုဆိုပြီး သူ့ရဲ့ပြောကြားချက်အနေနဲ့ “ကျွန်တော်လည်း အသက် (၈၀) ပြည့်တော့မယ်၊ အေးအေးချမ်းချမ်းနေချင်ပြီဗျာ၊ ထောင်တွေတန်း တွေလည်း အကျမခံချင်တော့ဘူး၊ အစိုးရသက်သေအဖြစ်နဲ့ ကျွန်တော်သိထားသမျှတွေ ထွက်ဆိုပေးချင်တယ်၊ အဓိက မဲကိစ္စပေါ့၊ မဲမခိုးခဲ့ရင် တပ်မတော်ကလည်း အာဏာသိမ်းမှာ မဟုတ်ဘူးလေ၊ အခုက တိုင်းပြည်အခြေအနေမကောင်းဘူး၊ စီအိုင်အေ ခြေရှုပ်ခဲ့တာလည်း ပါတယ်၊ ကျွန်တော်တားတော့ ကျွန်တော့်ကို စိတ်ဆိုးတယ်၊ ဒါကြောင့် ဩစတြေးလျကို ကျွန်တော်ထွက်သွားခဲ့တာ၊ နိုဗယ်ငြိမ်းချမ်းရေးဆုကို ပိုင်ဆိုင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း အကြမ်းဖက်တဲ့လုပ်ရပ်တွေကို တားဆီးသင့်တယ်၊ အလိုတူနေလို့ မတားတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့၊ တရားရုံးကို ဦးတိုက်လျှောက်သွားမှာပါ။”စသည်ဖြင့်ပါဝင်ပါတယ်။
“Naing Thein Myint” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ နာယက ဦးဝင်းထိန်ဟာ နိုင်ငံတော်အကြည်အညိုပျက်အောင်ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၁၂၄ (က)နဲ့ အာဏာသိမ်းပြီးစ ဖေဖော်ဝါရီ ၄ ရက်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ထို့နောက် နေပြည်တော်သီးသန့်တရားရုံးတစ်ခုကနေ ဦးဝင်းထိန်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှာ စွဲဆိုထား တဲ့ ပုဒ်မအတွက် အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်း လိုက်တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ နေပြည်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံးမေးမြန်းမှု တစ်ခုပြုလုပ်ချိန်မှာ ဦးဝင်းထိန်က အာဏာသိမ်းမှုနဲ့ပတ်သတ်ပြီးဝေဖန်ပြောဆိုခဲ့တဲ့အတွက်လည်း အခုလိုဖမ်းဆီး ထောင်ချခံရတာပါ။
ထောင်မချခင် သူ့ကို ရုံးထုတ်ခဲ့တဲ့ ရက်စွဲတွေကိုလေ့လာကြည့်ရအောင်ပါ။ ၂၀၂၁ ခုနှစ် စက်တင်ဘာမှာ ဦးဝင်းထိန် ကိုအမှုအတွက် ရုံးထုတ်အနေနဲ့ စက်တင်ဘာ ၁၇ ကတစ်ကြိမ်ပဲတွေ့ရပါတယ်။ ဒီအချက်ကိုကြည့်ရင် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၄ ရက်ကရုံးထုတ်မှာ ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်အပေါ် မှတ်ချက်ပေးခဲ့တယ်ဆိုတာ လုပ်ကြံရေးသားချက်မှန်းသိသာပါတယ်။
နောက်တစ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲခဲ့တဲ့အမှုတစ်ခုမှာ ဦးဝင်းထိန်က ဉပဒေနဲ့အညီသာ လုပ်ခဲ့တာမို့ အပြစ်မရှိဘူးလို့ သက်သေထွက်ဆိုခဲ့ပါသေးတယ်။
ထို့အပြင် “Naing Thein Myint”အမည်နဲ့ဖေ့စ်ဘွတ်အကောင့်ဟာ မကြာခဏဆိုသလို သတင်းတု၊ သတင်းမှား ဖြန့်ချိနေတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ဖြစ်တာ Fact Crescendo Myanmar ရဲ့အချက်အလက်စိစစ်ချက်တွေအရ တွေ့ရပါတယ်။ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာကြည့်ပါ။
အများအားဖြင့် စစ်တပ်ဝါဒဖြန့်ချိရေးသမားတွေဟာ သတင်းစာတစ်စောင်ကရေးသားဟန်ဖန်တီးထားတဲ့ သတင်း အတုဖြစ်တွေကို ဖြန့်ဝေလေ့ရှိတာတွေ့ရပါတယ်။ NLD ပါတီ နာယကဖြစ်တဲ့ ဦးဝင်းထိန်ဟာ မကြာခဏဆိုသလို ဒီလို သတင်းစာဖြတ်ပိုင်းပုံစံသတင်းတုနဲ့ တိုက်ခိုက်ခံရလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း “မဲမသမာမှုတွေ ကြောင့် သမိုင်းတရာခံမဖြစ်လိုလို့ NLD ပါတီက ဦးဝင်းထိန် နုတ်ထွက်မယ်”၊ “မဲမသမာမှုတွေရှင်းပြီးမှ အစိုးရဖွဲ့ သင့်လို့ ဦးဝင်းထိန် ပြောခဲ့”၊ “NLDပါတီ ဗဟိုကော်မတီအစည်းဝေးကနေ ဦးဝင်းထိန်အုပ်စု ထွက်သွားတယ်” စတဲ့ ဦးဝင်းထိန်နဲ့ပတ်သက်တဲ့ သတင်းတုတွေဖြန့်ဝေခဲ့ပါသေးတယ်။
သုံးသပ်ချက်
၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၄ ရက်က ဦးဝင်းထိန်ကို ရုံးထုတ်ခဲ့တာမရှိပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် ဦးဝင်းထိန်ရဲ့မှတ်ချက်ဆိုတာ လုပ်ကြံရေးသားချက်ဖြစ်ပါတယ်။ စစ်တပ်ဝါဒဖြန့်ချိရေးအကောင့် တစ်ခုဖြစ်တဲ့ “Naing Thein Myint”အမည်နဲ့ဖေ့စ်ဘွတ်အကောင့်ဟာ မကြာခဏ သတင်းတုသတင်းမှား တွေဖြန့် ချိနေတဲ့အကောင့်တစ်ခုဖြစ်ပါတယ်။

Title:Fact Check: အကြမ်းဖက်မှုတွေအတွက် ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်တဲ့သတင်းတု
Fact Check By: Nayar MaungResult: False