Fact Check: ဒေါ်အောင်ဆန်းစုကြည် ခြံအမှတ်(၅၄) ပြန်ရောက်ပြီဆိုတဲ့ သတင်းတု

Misleading နိုင်ငံရေး | Politics

ခြံအမှတ် ၅၄ နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည်ပြန်ရောက်ပြီဆိုတဲ့ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားဖြန့်ဝေလျှက်ရှိတာတွေ့ရပါတယ်။ သတင်းတုသတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။

“အမေစု ခြံအမှတ်(၅၄)ပြန်ရောက်ပီတဲ့#ကခုန်လို့ရပြီ”လို့ ရေးသားပြီး “Rambo new” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက ဗွီဒီယိုတစ်ခုကိုအောက်ပါအတိုင်းမျှဝေထားရာမှာ ပြန်လည်မျှဝေမှုပေါင်း ၄၄၀၀ ရှိပါတယ်။ ဗွီဒီယိုအဖွင့် ရုပ်သေဓာတ်ပုံစာသားထဲမှာလည်း “အတည်ပြုပြီ (၉)ရက်နေ့ မင်းအောင်လှိုင် အမိန့်အတိုင်း အမေစု ပြန်လွတ် လာပြီတဲ့ ခြံအမှတ်(၅၄)မှာ လူထောင်ချီကြိုဆိုနေကြပြီ”စသည်ဖြင့်လည်း ရေးသားထားပါတယ်။  နိုဝင်ဘာ ၉ ရက်နေ့ကစတင်မျှဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ ကြည့်ရှု့မှုပေါင်း ၈ သိန်းကျော်ရှိပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

ထို့အပြင် ဒီစာမျက်နှာကပဲ “ခြံအမှတ် -၅၄ နေအိမ် အမေစုပြန်ရောက်ပြီဟု သူ့ရှေ့နေအတည်ပြုပြောကြား ။သတင်းကောင်း နားထောင်ကြပါ”လို့ ရေးသားပြီး  နောက်ထပ် ဗွီဒီယိုတစ်ခုကိုမျှဝေထားပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ 

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြန်ရောက်ပြီဆိုပြီးအလားတူရေးသားမျှဝေထားတာတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်အိမ်ပြန်ရောက်ပြီ၊ပြန်လွှတ်လိုက်ပြီဆိုတဲ့သတင်းတုတွေဟာ မကြာခဏဖြန့်ချိ လေ့ရှိတဲ့ သတင်းတုတွေဖြစ်တာတွေ့ရပါတယ်။ အထူးသဖြင့် သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းဌာန တွေက ရေပန်းစားခဲ့တဲ့ သတင်းကို ပြန်လည်ဖော်ပြရာမှာ ဒီလိုသတင်းခေါင်းစဉ်အတုတွေဖန်တီးပြီး လူတွေကို စွဲဆောင်လေ့ရှိတာတွေ့ရပါတယ်။ Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာကြည့်ပါ။  

အမှန်တကယ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက်ခြင်းမရှိသေးပါဘူး။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းစဉ်ကတည်းက ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က စွပ်စွဲထားတဲ့ အမှုပေါင်း များစွာကို နေပြည်တော်အကျဉ်းထောင်ထဲက တရားရင်ဆိုင်နေရပါတယ်။ အောက်တိုဘာ ၁၂ ရက်ကပဲ ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ၃ နှစ်ထပ်မံချမှတ်လိုက်တဲ့အတွက် ထောင်ဒဏ် ၂၆ နှစ်ရှိပြီးနောက်ထပ် အမှုတွေလည်း ထပ်မံရင်ဆိုင်နေရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

ဗွီဒီယိုရဲအသံဖိုင်အစမှာလည်း “ဒေါ်အောင်ဆန်းစုကြည်နေအိမ်ပြန်လည်ရောက်ရှိခဲ့ပါပြီ၊ တရားရုံးတော်က ယနေ့မှာပဲ အကျဉ်းချုပ်ကနေ နေအိမ်အကျယ်ချုပ်သို့ပြောင်းလဲသတ်မှတ်လိုက်ပြီဟု အမိန့်ချမှတ်လိုက်ပါတယ်။ မကြာခင်အချိန်အတွင်း ထင်မထားတဲ့အပြောင်းအလဲတွေဖြစ်လာလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေ ပြောကြား”စသည့်ဖြင့် သတင်းဖတ်ကြားသူက ပြောကြားခဲ့တာတွေ့ရပါတယ်။ သို့ပေမဲ့ ဒီအချက်တွေကို ထောက်ခံမယ့် အခြားသော သတင်းမီဒီယာကျင့်ဝတ်နဲ့အညီရေးသားနေတဲ့ သို့မဟုတ် သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့မီဒီယာတွေမှာ ဖော်ပြချက်တစ်စုံတစ်ရာမတွေ့ရပါဘူး။ 

အခြား ဗွီဒီယိုပါအကြောင်းအရာတွေကတော့ ၂၀၁၈ ခုနှစ်အတွင်း ဘီဘီစီမြန်မာပိုင်းမှာဖော်ပြခဲ့တဲ့ “အစ်ကိုက အမွေခွဲချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ခြံ ၊ ၅၄ တက္ကသိုလ်ရိပ်သာလမ်း”၊ နိုဝင်ဘာ ၈ ရက်မှာမဇ္ဈိမသတင်းဌာန ကဖော်ပြခဲ့တဲ့ “အချုပ်ထောင်တွင် စစ်ကောင်စီ၏ စွပ်စွဲခံ အဂတိအမှုများကို ရင်ဆိုင်ရင်း ဖြတ်သန်းခဲ့ရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မွေးနေ့”၊ ယင်းနေ့မှာပဲ ဧရာဝတီသတင်းဌာနကဖော်ပြခဲ့တဲ့ “တော်လှန်ရေးအလုပ်က ကျနော်တို့အတွက် ပုံမှန် ယာခင်းအလုပ်လို ဖြစ်သွားပြီ”ဆိုတဲ့သတင်းဆောင်းပါးတွေကို ဖတ်ကြားနေခြင်း ဖြစ်ပါတယ်။

ဒီဗွီဒီယိုဖိုင်ကိုပဲအသုံးပြုပြီးတော့ နိုဝင်ဘာ ၉ ရက်နေ့မှာပဲ သမ္မတဦးဝင်းမြင့်ပြန်လွတ်လာပြီဆိုတဲ့ သတင်းခေါင်း စဉ်တုနဲ့ဖြန့်ဝေခဲ့ပါသေးတယ်။ Fact Crescendo Myanmar ကအချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

ခြံအမှတ် ၅၄ နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည်ပြန်ရောက်ပြီဆိုတာ သတင်းမှားဖြစ်ပါတယ်။ သတင်းမီဒီယာ လုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းဌာနတွေက ရေပန်းစားခဲ့တဲ့ သတင်းကို ပြန်လည်ဖော်ပြရာမှာ လူတွေစိတ်ဝင်စား မှုရရှိဖို့အတွက် သတင်းခေါင်းစဉ်အတုတွေဖန်တီးပြီး အခုလိုဖြန့်ဝေနေခြင်းဖြစ်ပါတယ်။

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည် ခြံအမှတ်(၅၄) ပြန်ရောက်ပြီဆိုတဲ့ သတင်းတု

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *