Fact Check: သူ့ကိုမဖြုတ်ချဖို့ အာဆီယံကိုတောင်းဆိုပြီး ဒေါ်စုကို လွှတ်ပေးမယ်လို့ မင်းအောင်လှိုင်ပြောဆိုတဲ့သတင်းမှား

Misleading နိုင်ငံရေး | Politics

သူ့ကိုမဖြုတ်ချဖို့ အာဆီယံကိုတောင်းဆိုလိုက်ပြီး ဒေါ်အောင်းဆန်းစုကြည်ကို လွှတ်ပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတိပြုတယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ နားလည်မှုလွဲ စေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်း ဖြစ်ပါတယ်။

“မင်းအောင်လှိုင် အာဆီယံနဲ့ NUGကို အသနားခံစာ ပို့နေပြီ”လို့ ရေးသားပြီး “Thai News” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း သိန်းဂဏန်းရှိပါတယ်။ ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်သေဓာတ်ပုံထဲမှာလည်း “၁၂ ရက်နေ့ မင်းအောင်လှိုင်တောင်းပန်နေပြီ သူ့ကိုမဖြုတ်ချဖို့ အာဆီယံကို တောင်းဆို ဒေါ်စုကိုလည်း လွှတ်ပေးမယ်တဲ့”စသည်ဖြင့်ရေးသားထားပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ယူကျူ့ရဲ့ ဒီနေရာ၊ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည်ဖတ်ကြားနေခြင်းသာ ဖြစ်ပါ တယ်။ အာဆီယံခေါင်းဆောင်တွေရဲ့ မြန်မာငြိမ်းချမ်းရေးအတွက် သဘောတူညီချက်ကို အချိန်အကန့် အသတ်ထားဖို့ ဆုံးဖြတ်ချက်ဟာ လူမှုကွန်ယက်အသုံးပြုသူတွေအကြား စိတ်ဝင်စားမှုမြင့်တက်နေချိန်မှာ အခုလို သတင်းခေါင်းစဉ်တုနဲ့ဖြန့်ချိလာခြင်းဖြစ်ပါတယ်။

နိုဝင်ဘာ ၁၁ ရက်က အာဆီယံခေါင်းဆောင်တွေဟာ စစ်တပ်ခေါင်းဆောင်နဲ့ ၂၀၂၁ ခုနှစ် ဧပြီလထဲမှာ သဘောတူ ထားတဲ့ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိဘူးလို့ သုံးသပ်ပြီး သဘော တူညီချက်ကို အကောင်အထည်ဖော်ရာမှာ အချိန်ဇယားသတ်မှတ်ဖို့ သဘောတူခဲ့ကြပါတယ်။ သတင်းတွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – NHKArchive link  

အာဆီယံခေါင်းဆောင်တွေက မြန်မာအရေးနဲ့ပတ်သက်တဲ့ ဘုံသဘောတူညီချက် ၅ ချက်နဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်ကို ဒီလင့်ခ်မှာတွေ့နိုင်ပါတယ်။ ဒီထုတ်ပြန်ချက်အပြီး နာရီပိုင်းအတွင်းမှာပဲ မြန်မာကိုယ် စားလှယ်မပါဝင်တဲ့ ဒီအာဆီယံခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမှာမဟုတ်ဘူးလို့ စစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီးဌာနကကန့်ကွက်ခဲ့ပါတယ်။

သုံးသပ်ချက်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သူ့ကိုမဖြုတ်ချဖို့ အာဆီယံကိုတောင်းဆို၊ ဒေါ်စုကိုလည်း လွှတ်ပေးမယ်တဲ့ စသည်ဖြင့်ရေးသားချက်ဟာ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဒီအချက်ကိုအတည်ပြုနိုင်မယ့် အထောက် အထားတစ်စုံတစ်ရာမရှိပါဘူး။ ဗွီဒီယိုပါအကြောင်းအရာဟာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည်ဖတ်ကြား နေခြင်းသာဖြစ်ပါတယ်။

Avatar

Title:Fact Check: သူ့ကိုမဖြုတ်ချဖို့ အာဆီယံကိုတောင်းဆိုပြီး ဒေါ်စုကို လွှတ်ပေးမယ်လို့ မင်းအောင်လှိုင်ပြောဆိုတဲ့သတင်းမှား

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *