
FIFA World Cup 2022 ဖွင့်ပွဲမှာ ကုရ်အာန်ကျမ်းရွတ်ဖွင့်လှစ်ခဲ့တယ်လို့ဆိုထားတဲ့ ဓာတ်ပုံ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။တကယ်တော့ ဓာတ်ပုံဟာ ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေအတွက်အသုံးပြုမယ့် ဘောလုံးကွင်းတစ်ကွင်းကို ၂၀၂၁အတွင်းက ကွင်းဖွင့်ပွဲလုပ်ခဲ့ရာမှာ ကုရ်အာန်ကျမ်းရွတ်ဖတ်မှု သာဖြစ်ပါတယ်။ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ကုရ်အာန်ရွတ်ဖတ်ခဲ့တယ်ဆိုတဲ့အထောက် အထားမရှိပါဘူး။
“FIFA World Cup 2022ပွဲစဥ်အား
ကုရ်အာန်ကျမ်းတော်မြတ်ဖြင့်ဖွင့်လှစ်ခဲ့သည့်ကြည်နူးဖွယ်မြင်ကွင်း🥰❤️
#SoeThuya #သာသနာ့အသိပညာ”လို့ ရေးသားပြီး “Soe Thu Ya” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ ကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ကမ္ဘာ့ဖလားဖွင့်ပွဲနေ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှာ ဒီလိုသတင်းမှားစတင်ပျံ့နှံ့ခဲ့တာတွေ့ရပြီး အချက်အလက်စိစစ်တဲ့အဖွဲ့ အစည်းအသီးသီးက အချက်အလက်စိစစ်ထားတာတွေ့ရပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။ ဓာတ်ပုံဟာ တကယ်တော့ ပရိတ်သတ် ၄၀၀၀၀ ဆံ့တဲ့ Al Thumama အားကစားကွင်းဖွင့်ပွဲ ဖြစ်စဉ်ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားဖွင့်ပွဲကျင်းပခဲ့တဲ့နေရာဟာ Al Bayt အားကစားကွင်းဖြစ်ပါတယ်။ ကာတာနိုင်ငံအခြေစိုက် “Doha News”က ၂၀၂၁ ခုနှစ်အောက်တိုဘာ ၂၄ ရက်က ဗွီဒီယိုတစ်ခုကို အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီမြင်ကွင်းကိုတွေ့ပါတယ်။
“ကမ္ဘာ့ဖလားကျင်းပမည့် Al Thumama အားကစားရုံဖွင့်ပွဲတွင် ကာတာသည် ၎င်း၏ အစ္စလာမ်ယဉ်ကျေးမှုကို ထည့်သွင်းခဲ့သည်။
ကလေးများသည် ကုရ်အာန်မှ ‘ကရုဏာ’ ဟူသော ကျမ်းပိုဒ်များကို ရွတ်ဆိုကြသည်ကို တွေ့မြင်ခဲ့ရသည်။”
ဒီမြင်ကွင်းဓာတ်ပုံကို ၂၀၂၁ အောက်တိုဘာလ ၂၃ ရက်က အင်တာဂရမ်ပို့စ်တစ်ခုမှာလည်းတွေ့ရပါတယ်။ Al Thumama ဘောလုံးကွင်းမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက်က ကာတာရဲ့ အထင်ကရ ဘောလုံးပြိုင်ပွဲ တစ်ခုဖြစ်တဲ့ Amir Cup နောက်ဆုံးပွဲစဉ်ကျင်းပခဲ့တာလည်းတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ကာတာနိုင်ငံမှ FIFA World Cup 2022 ဖွင့်ပွဲမှာ ကုရ်အာန်ကျမ်း ရွတ်ဖွင့်လှစ်ခဲ့ တယ်လို့ဆိုထားတဲ့ ဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာထဲမှာ Al Thumama ဘောလုံးကွင်းဖွင့်ပွဲ အခမ်းအနား ကဖြစ်ပါတယ်။

Title:Fact Check: FIFA World Cup 2022 ဖွင့်ပွဲဓာတ်ပုံလား-မဟုတ်ပါ
Fact Check By: နေရာမောင်Result: False